အင်အားနည်းနေပေမယ့် အိမ်ကွင်းမှာ နယူးကာဆယ်ကို အနိုင်ရအောင် ကစားသွားခဲ့တဲ့ မန်ယူအသင်း
မနေ့ညက အိုးထရက်ဖို့ဓ်မြှ ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ နယူးကာဆယ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်ယူအသင်းက ၃-၂ နဲ့ အနိုင်ရသွားခဲ့ပါတယ်။
အဓိက ကစားသမား အတော်များများ ပါဝင်လာခြင်း မရှိခဲ့တဲ့ မန်ယူအသင်းဟာ နယူးကာဆယ်ထက် အစစ အရာရာ အင်အားနည်းပါးခဲ့ပေမယ့် အိမ်ကွင်းမှာ အမှားအယွင်းမရှိ ကစားပြသွားနိုင်ခဲ့ပါတယ်။

နည်းပြ တန်ဟတ် ရဲ့ အနာဂတ် အဆုံးအဖြတ်ပွဲစဉ် ဖြစ်လာနိုင်ကြောင်း သတင်းထွက်ပေါ်ထားတာကြောင့် တန်ဟတ် တစ်ယောက် အသက်ရှူချောင်သွားခဲ့ပေမယ့် တစ်ဖက်က ချဲလ်ဆီးလည်း အနိုင်ရခဲ့တာကြောင့် မန်ယူတို့ ဥရောပ ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။
မန်ယူအသင်းဟာ ယနေ့ပွဲမှာ ကာဆာမဲရိုးနဲ့ အီဗန်တို့ နောက်ခံအတွဲအဖက်ကိုသာ ဆက်လက် အသုံးပြုခဲ့ရပြီး အမ်မရာဘတ်၊ မိန်နိုးတို့ရဲ့ ကွင်းလယ်အထိုင်အပြင် တိုက်စစ်ပိုင်းမှာတော့ အာမတ်၊ တော်မီနေး၊ ဂနာချို၊ ဖာနန်ဒက်စ်တို့ကို အသုံးပြုလာခဲ့ပါတယ်။
မန်ယူအသင်းက ရရှိလာတဲ့ အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့လို့သာ ယခုလို အနိုင်ရခဲ့တာဖြစ်ပြီး ဧည့်သည် နယူးကာဆယ်အသင်း မန်ယူအသင်းထက် ဂိုးပေါက် ကန်သွင်းမှု ပိုမို ပြုလုပ်နိုင်ခဲ့ပါတယ်။
ယနေ့ပွဲရဲ့ အဖွင့်ဂိုးကိုတော့ ပထမပိုင်း ၃၁ မိနစ်မှာ မိန်နိုးက စတင် သွင်းယူပေးခဲ့ပေမယ့် ဂေါ်ဒင်က ဒုတိယပိုင်းအစမှာ ပြန်လည် ချေပသွားခဲ့ကာ အာမတ်က မန်ယူအသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုး ထပ်သွင်းယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် လူစားဝင် ကစားသမား ဟော့ဂျ်လန်းက ၈၄ မိနစ်အရောက်မှာ နောက်ထပ် တတိယမြောက်ဂိုး ထပ်မံသွင်းယူပေးခဲ့တာကြောင့် နယူးကာဆယ်တို့ မန်ယူအသင်းကို အမှီလိုက်နိုင်ဖို့ အခက်တွေ့ခဲ့ရပြီး အချိန်ပို မှသာ လူးဝစ် ဟောက နှစ်သိမ့်ဂိုးတစ်ဂိုး ပြန်သွင်းခဲ့တာကြောင့် မန်ယူတို့ ယခုလို ၃-၂ နဲ့ ပွဲကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းအနေနဲ့ ယနေ့ပွဲမှာ နောက်တန်း အားနည်းချက်တွေ ရှိခဲ့ပေမယ့် ကွင်းလယ်ကစားသမားတွေက နောက်တန်းကို ပြန်လည် ဆင်းကူပေးနေခဲ့သလို တိုက်စစ်ပိုင်းကလည်း ဂိုးဖြုန်းတီးခြင်း မရှိခဲ့တာကြောင့် နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။