မန်စီးတီးကို အနိုင်ကန်ပြီး FA ဖလား အိုးထရက်ဖို့ဒ်ဆီ သယ်လာမယ့်လို့ တန်ဟက် မန်ယူဖန်တွေအား ကတိပေးပြီ
မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက် က မနေ့ညက နယူးကာဆယ်နဲ့ပွဲအပြီးမှာ မန်ယူအသင်း ပရိသတ်တွေကို ရာသီတစ်ခုအတွက် နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။
ဒီလိုမျိုး ပြောကြားတဲ့နေရာမှာ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ အက်ဖ်အေဖလားကို အိုးထရက်ဖို့ဒ်ကွင်းကြီးဆီ ယူလာနိုင်အောင် ကြိုးစားမယ်လို့ပါ ကတိစကား ပြောခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ နယူးကာဆယ်ပွဲဟာ ယူနိုက်တက်အတွက် ဒီရာသီ နောက်ဆုံး ပရီးမီးယားလိဂ်အိမ်ကွင်းပွဲဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း တန်ဟက် နဲ့ ကစားသမားတွေက ပွဲအပြီးမှာ ကွင်းအတွင်း စုဝေးခဲ့ကြပြီး ပရိသတ်တွေကို နှုတ်ဆက်ခဲ့ကြတာပါ။
တန်ဟက် ပရိသတ်တွေကို စကားပြောချိန်မှာတော့ လှောင်ပြောင်သံတွေ ထွက်ပေါ်လာခဲ့သလို အားပေးသံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
တန်ဟက် က “ဒီရာသီမှာ ခင်ဗျားတို့အားလုံးရဲ့ အားပေးမှုတွေအတွက် ကျွန်တော် ကျေးဇူးတင်စကားပြောကြားချင်ပါတယ်”
“အားလုံးသိတဲ့အတိုင်း လွယ်ကူတဲ့ရာသီတစ်ခု မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အမြဲတမ်း တည်ငြိမ်တာတစ်ခုရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ခင်ဗျားတို့က ဒီအသင်းအတွက် အမြဲတမ်းရှိနေခဲ့တာပါပဲ။ ဒီရာသီက မပြီးဆုံးသေးပါဘူး”
“ကျွန်တော်တို့ ဝင်ဘလေကိုသွားပြီး ဒီကစားသမားတွေက အက်ဖ်အေဖလားကို အိုးထရက်ဖို့ဒ်ကွင်းကြီးဆီ ယူလာနိုင်အောင် အရာအားလုံးပေးဆပ်သွားမယ်ဆိုတာ ကတိပေးလိုပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အက်ဖ်အေဖလားဖိုင်နယ်အဖြစ် မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီး အသင်းနဲ့ ရင်ဆိုင်ကစားရမှာလည်း ဖြစ်ပါတယ်။