မန်ယူကတော့ ကာလရှည် ပစ်မှတ် တိုက်စစ်သမားကို ခေါ်ဖို့ အေးဂျင့်တွေနဲ့ တောက်လျောက် ဆွေးနွေးနေပါပြီ

မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ ကာလရှည်ပစ်မှတ် ဖြစ်တဲ့ ခရစ္စတယ် ပဲလေ့စ်ကြယ်ပွင့် အိုလစ်ဆီ ကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ အိုလစ်ဆီရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ထုတ်လာခဲ့ပါတယ်။

ဘယ်ခြေအားသန် တောင်ပံတိုက်စစ် ကစားသမား အိုလစ်ဆီက မြန်နှုန်းမြင့် ကစားဟန်နဲ့ ကစားလေ့ ရှိသူ ဖြစ်ပြီး သူက ပြိုင်ဘက် ကစားသမားတွေကို လိမ်ခေါက် ဖြတ်ကျော်ရာမှာ ထူးချွန်သလို အဝေးကန်ချက်တွေ၊ တည်ကန်ဘောတွေ ကနေ တဆင့် သွင်းဂိုးတွေလည်း သွင်းယူနိုင်သူပါ။

အိုလစ်ဆီရဲ့ ထူးခြားကာ မြန်ဆန်တဲ့ ကစားဟန်ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက သူတို့ရဲ့ ရှိရင်းစွဲ ညာတောင်ပံ ကစားသမားတွေ ဖြစ်ကြတဲ့ ဆန်ချိုနဲ့ အန်တိုနီတို့အနက် တဦးကို ရောင်းထုတ်ပြီးရင် အိုလစ်ဆီကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားပုံပါ။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက် အတွင်းမှာ အိုလစ်ဆီကို ခေါ်ယူဖို့ အတွက် အိုလစ်ဆီရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်ထားပြီး အိုလစ်ဆီကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားကြောင်း သိရှိရပါတယ်။

အိုလစ်ဆီက ခရစ္စတယ် ပဲလေ့စ်နဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်က အိုလစ်ဆီ အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း သုံးစွဲရဖွယ် ရှိနေကာ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေကတော့ ယူနိုက်တက်ဟာ အိုလစ်ဆီ အတွက် ပေါင် ၅၀သန်း ဝန်းကျင် အထိ သုံးစွဲရနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် တောင်ပံတိုက်စစ် ကစားသမား အိုလစ်ဆီက မန်ချက်စတာ စီးတီးရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး ခရစ္စတယ် ပဲလေ့စ်က ၂၀၂၁ခုနှစ်မှာ သူ့ကို ရီးဒင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၉.၃သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။