တန်ဟက်ရဲ့ ချုပ်စကားတွေကို ယုံကြည်ကြွေဆင်းသွားတဲ့ သရဲနီ ပရိသတ်တွေကတော့ နည်းပြ အဖြစ် ဆက်ထားဖို့ တောင်းဆိုနေကြပါပြီ
ပြီးခဲ့တဲ့ ရက်က အိုးလ်ထရက်ဖို့ဒ်မှာ နယူးကာဆယ်နဲ့ကစားခဲ့တဲ့ပွဲအပြီး နည်းပြအဲရစ်တန်ဟက်ရဲ့ ရဲရဲတောက် ပြောစကားတွေကို မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ ကျေနပ်အားရနေကြပြီး နောက်ရာသီအထိ နည်းပြအဖြစ် ဆက်ထားဖို့ တောင်းဆိုနေပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်းနောက်ဆုံးပွဲဖြစ်တဲ့ နယူးကာဆယ်နဲ့ပွဲမှာ ၃-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီး ပွဲအပြီးမှာ အဲရစ်တန်ဟက်က ယူနိုက်တက်ပရိသတ်တွေကို အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟက်က “ဒီရာသီဟာ ကျွန်တော်တို့အတွက် လွယ်ကူတဲ့ရာသီ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ပရိသတ်တွေရဲ့ အသင်းအပေါ် အားပေးမှုက ဘယ်တော့မှ မပြောင်းလဲသွားပါဘူး။ ဒီရာသီက မပြီးဆုံးသေးဘဲ ပထမဆုံးအနေနဲ့ ဘရိုက်တန်နဲ့အဝေးကွင်းပွဲမှာ ၃ မှတ်ယူနိုင်အောင် ကြိုးစားရမှာဖြစ်ပြီး အဲဒါပြီးရင်တော့ ဝင်ဘလေကွင်းဆီ ချီတက်ရမှာပါ . . .
“ကစားသမားတွေအားလုံးဟာ FA ဖလား ချန်ပီယံဆုရယူပြီး အိုးလ်ထရက်ဖို့ဒ်ကွင်းဆီ ယူဆောင်လာနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားအားထုတ်မယ်ဆိုတာ ကျွန်တော် ပရိသတ်တွေကို အခိုင်အမာ ကတိပေးပါတယ်။ အဲဒီပွဲကျရင်လည်း ပရိသတ်တွေဟာ ကျွန်တော်တို့ကို အကောင်းဆုံး အားပေးကြမယ်ဆိုတာလည်း အသေအချာပါပဲ။ ခင်ဗျားတို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပရိသတ်တွေဖြစ်ကြပါတယ် . .ကျေးဇူးတင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဘရိုက်တန်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ရင် ၅၇ မှတ်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ရမှတ် အနည်းဆုံး စံချိန်ဆိုး ပိုင်ဆိုင်မှာဖြစ်သလို အဆိုးရွားဆုံးအဆင့်ရပ်တည်အဖြစ် အဆင့် ၈ နေရာနဲ့ ရာသီသိမ်းရဖို့ရှိပါတယ်။
ဒါပေမဲ့လည်း ယူနိုက်တက်ပရိသတ်တွေက အဲရစ်တန်ဟက်ရဲ့ စကားလုံးတွေကို ကျေနပ်အားရနေတဲ့အတွက် နည်းပြအဖြစ် ဆက်ထားဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။
အွန်လိုင်းမှာ ယူနိုက်တက်ပရိသတ်တွေက ခုလို ပြောဆိုနေကြတာပါ။
‘အဲရစ်တန်ဟက်ရဲ့စကားလုံးတွေက ပရိသတ်တွေနဲ့ ယူနိုက်တက်အသင်းကြားက ပတ်သက်ဆက်နွယ်မှုကို ပိုပြီးခိုင်မာလာစေပါတယ်။ ဒီရာသီမှာ စိတ်ပျက်စရာအနေအထားတွေနဲ့ ကြုံတွေ့ခဲ့ပြီး ဖိအားအများကြီးနဲ့ ရင်ဆိုင်နေရချိန်မှာ အဲရစ်တန်ဟက်ရဲ့ မိန့်ခွန်းက တကယ့်ကို ကျေနပ်စရာကောင်းပါတယ်’၊
‘အဲရစ်တန်ဟက်ရဲ့မိန့်ခွန်းကို ကြားရတာ စိတ်အားတက်ကြွမှုဖြစ်စေပါတယ်။ နောက်ရာသီမှာ အဲရစ်တန်ဟက်ကို သေချာပေါက် ဆက်ထားပေးပါ . .’၊
‘အမှန်အတိုင်းပြောရရင် အဲရစ်တန်ဟက်ကို နောက်တစ်ရာသီ ဆက်ထားသင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။ ဒီရာသီ ရလဒ်တွေနဲ့ သူ့အနာဂတ်ကို ဆုံးဖြတ်မယ်ဆိုရင် ကျွန်တော် မကျေမနပ်ဖြစ်မိမှာပါ။ မှန်ကန်တဲ့လမ်းကြောင်းတစ်ခုရောက်ရင် အဲရစ်တန်ဟက် ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မလဲဆိုတာ ကျွန်တော် စောင့်ကြည့်ချင်ပါတယ်’၊
‘ဘဲကြီးကိုတော့ ကြွေသွားပြီ . .အသင်းမှာ ဆက်နေပြီး အောင်မြင်မှုယူနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဆိုပြီး ရေးသားခဲ့ကြပါတယ်။