ဘရိုက်တန်ကို အဝေးကွင်းမှာ အနိုင်ရခဲ့ပေမဲ့ အဆိုးရွားဆုံး အဆင့်ရပ်တည်မှုနဲ့ ရာသီအဆုံးသတ်ခဲ့ရတဲ့ ယူနိုက်တက်

၂၀၂၃-၂၄ ပရီးမီးယားလိဂ်ရာသီ ရဲ့ နောက်ဆုံး အပိတ်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရိုက်တန်ကို အဝေးကွင်းမှာ ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ပေမဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အဆင့်ရပ်တည်မှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ၇၃ မိနစ်မှာ ဒါလော့က လူကျွံထောင်ချောက်ကို ဖောက်ပြီးတော့ လွတ်လွတ် ကျွတ်ကျွတ် သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ၈၈ မိနစ်မှာ အဲရစ်ဆင် ပေးတာကနေ ဟွိုင်လန်းက သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီဂိုးဟာ ဟွိုင်လန်းအတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၀ ဂိုးမြောက်ဖြစ်သလို ပြိုင်ပွဲစုံမှာတော့ ၁၆ ဂိုးမြောက် သွင်းယူနိုင်တာဖြစ်လို့ ဟွိုင်လန်းရဲ့ ယူနိုက်တက်ကစားသမားဘ၀ ပွဲဦးထွက်ရာသီက အရမ်းကြီး မဆိုးဘူးလို့ သတ်မှတ်ရမှာပါ။

အခုပွဲ အနိုင်ရခဲ့ပေမဲ့လည်း တစ်ဖက်မှာ နယူးကာဆယ်က ဘရန့်ဖို့ဒ်ကို ၄-၂ ဂိုးနဲ့ အနိုင်ယူခဲ့တာကြောင့် ယူနိုက်တက် အသင်း အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အဆင့်ရပ်တည်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၁၃-၁၄ ရာသီတုန်းက အဆင့် ၇ နေရာနဲ့ ရာသီသိမ်းခဲ့ပြီး အခု အဲရစ်တန်ဟက်လက်ထက်မှာ သမိုင်းဝင်မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။

၃၈ ပွဲကစားအပြီးမှာ ယူနိုက်တက်တို့ ရမှတ် ၆၀ ရယူနိုင်တာကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အမှတ်အနည်းဆုံး စံချိန်ဆိုးကို ရှောင်လွှဲနိုင်ခဲ့ပေမဲ့ ဂိုးကွာခြားချက်မှာ -၁ ဖြစ်ခဲ့လို့ ဒါက ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ရဲ့ ယူနိုက်တက် နည်းပြ ဘဝအစပိုင်း ၁၉၈၉-၉၀ နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ရှုံးပွဲ ၁၄ ပွဲအထိရှိခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ရှုံးပွဲအများဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ မေလ ၂၅ ရက်ကျရင် FA ဖလားဗိုလ်လုပွဲအဖြစ် မန်စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် ယူရိုပါလိဂ်ဝင်ခွင့်ရမှာဖြစ်ပေမဲ့ ရှုံးပွဲတွေ့ခဲ့မယ်ဆိုရင်တော့ ၂၀၁၄-၁၅ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲတစ်ခုမှ ဝင်ခွင့်မရတဲ့ မှတ်တမ်းဆိုး ပြန်လည်ပိုင်ဆိုင်ရမှာပါ။