မန်ချက်စတာ ယူနိုက်တက်က လာမယ့် ဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲ ဝင်ခွင့် ရရှိမှာလားနဲ့ အခြေအနေ အလားအလာများ

၂၀၂၃-၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကတော့ မန်စီးတီးရဲ့ ၄ ရာသီဆက်တိုက် ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ ဆုံးခန်းတိုင်ခဲ့ပါပြီ။ ဒီရာသီမှာ အနီးဆုံး ပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ် က ဒုတိယနေရမှာ ကျန်ခဲ့သလို မန်ချက်စတာ ယူနိုက်တက်ကလည်း အဆင့် ၈ နဲ့ ရာသီ သိမ်းခဲ့ရပါတယ်။

အခုလို ရာသီတစ်ခု ပြီးသွားပြီဆိုရင် အမှတ်ပေးဇယား အဆင့် ရပ်တည်မှုတွေအရ သက်ဆိုင်ရာ အသင်းတွေဟာ ဥရောပပြိုင်ပွဲ ဝင်ခွင့်တွေ ရကြ ပါတယ်။ ဒီနေရာ ဘောလုံးပရိသတ်တွေ သိချင်တဲ့ မေးခွန်းတွေ တော်တော်များများရှိပြီး အဲဒီအထဲမှာ မန်ယူအသင်းက ဘယ်နေရာကို ဝင်ခွင့်ရမလဲ ဆိုတဲ့ မေးခွန်းကလည်း ထိပ် ဆုံးက ရေပန်းစားပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရပ်တည်မှုအရ အပေါ် ၄ သင်းကတော့ ရှင်းပါတယ်။ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးနဲ့ အက်စ်တွန်ဗီ လာတို့က ချန်ပီယံလိဂ် ဝင်ခွင့် ရသလို ဒီရာသီမှာ အဆင့် ၅ နေရာကိုရတဲ့ စပါးဟာလည်း ယူရိုပါလိဂ်ကို တိုက်ရိုက် ဝင်ခွင့်ရပါတယ်။

အဲဒီနောက် အဆင့် ၆ နေရာက ချဲလ်ဆီးနဲ့ အဆင့် ၈ နေရာက မန်ယူအထိက နည်းနည်းလေး ရှုပ်ထွေးနေတဲ့ သဘော ရှိပါတယ်။ ဒါကြောင့် အဆင့် ၆ နေရာက ချဲလ်ဆီး၊ အဆင့် ၇ နေရာက နယူးကာဆယ်နဲ့ အဆင့် ၈ နေရာက မန်ယူတို့က ယူရိုပါလိဂ်နဲ့ ဥရောပ ကွန်းဖရန့်လိဂ် ဝင်ခွင့်နေရာတွေကို လုရမယ့် အခြေအနေဖြစ်လာတယ်။

မန်ယူရဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ရလဒ်အပေါ် မူတည်ပြီး ပရီမီးယားလိဂ် အဆင့်(၆ ၊ ၇) နေရာကအသင်းတွေရဲ့ ဥရောပဝင်ခွင့် ရလဒ် အပြောင်းအလဲဖြစ်လာနိုင်တယ်…

ဘာလို့လဲဆိုတော့ မန်ယူနဲ့ မန်စီးတီးတို့ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲ စဉ်ရှိနေတာကြောင့် အင်္ဂလန်အတွက် ခွဲတမ်းရတဲ့ ယူရိုပါလိဂ် ၂ နေရာထဲက လက်ကျန် တစ်နေရာကို အတိအကျ မဆုံးဖြတ်သေးပါဘူး။ မန်ယူသာ မန်စီးတီးကိုနိုင်ပြီး အက်ဖ်အေ ဖလားရခဲ့မယ်ဆိုရင် ယူရိုပါလိဂ် ဝင်ခွင့်ရမှာပါ။

ဒီလိုဆိုရင်တော့ ချဲလ်ဆီးက ကွန်းဖရန့်လိဂ် ကို ဆင်းပြီး ကစားရပါမယ်။ နယူးကာဆယ်ကတော့ ဥရောပ ပြိုင်ပွဲကို အလိုအလျောက် ဝင်ခွင့် မရတော့တဲ့ သဘောဖြစ်သွားပါပြီ။

တကယ်လို့ မန်ယူဟာ အက်ဖ်အေဖလား ဗိုလ် လုပွဲမှာ ရှုံးပြီဆိုရင်တော့ ပရီးမီးယားလိဂ် ရပ်တည်မှု ဇယားအတိုင်း ဆုံးဖြတ်မှာဖြစ်ပြီး ချဲလ်ဆီးက ယူရိုပါလိဂ် ဝင်ခွင့်ရမှာ ဖြစ်သလို နယူးကာဆယ်က ကွန်းဖရန့်လိဂ်ပြိုင်ပွဲ ဝင် ခွင့်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မန်ယူရဲ့ ဥရောပ ဝင်ခွင့်ဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲ ရဲ့ ရလဒ်အပေါ်မှာပဲ မူတည်နေပြီး ကျန်တဲ့ အသင်းတွေကတော့ မန်ယူရဲ့ ရလဒ်အပေါ် မူတည်ပြီး အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။