ဒီရာသီအတွက် အမြဲတမ်း နည်းပြတစ်ဦးကို ခန့်အပ်သွားဖွယ် မရှိတဲ့ မန်ယူ

အိုလီဂန်နာဆိုးရှားဟာ မန်ချက်စတာ ယူနိုက်တက်နည်းပြအလုပ်ကို ဆုံးရှုံးလိုက်ရပြီဖြစ်ပြီး နော်ဝေသားကြီးက သူ့တာဝန်ကနေ ထွက်ခွာပြီဖြစ်ကြောင်း ကလပ်ဘက်က တရားဝင် ကြေညာခဲ့ပြီ ဖြစ်ပါတယ်။

ဆက်တိုက် ရလဒ်ဆိုးတွေကြောင့် ယူနိုက်တက် အကြီးအကဲတွေဟာ ဆိုးရှားဦးဆောင်တဲ့ အသင်းရဲ့ စိတ်ဓာတ်ပိုင်းအပေါ် စိုးရိမ်လာခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အသင်းရဲ့ ကစားပုံနဲ့ ရလဒ်တွေကြောင့် မချိတင်ကဲ ဖြစ်နေခဲ့ပုံရပြီး တိုက်စစ်သမားရဲ့ စိုးရိမ် စိတ်ပျက်နေတဲ့ အမူအယာကို မြင်နေရခြင်းကို တာဝန်ရှိသူတွေက စိုးရိမ်လာခဲ့ပါတယ်။

ဒါကြောင့်လည်း ဆိုးရှားကို ရာထူးကနေ ထုတ်ပယ်ခဲ့ခြင်းဖြစ်တယ်။ ယူနိုက်တက်ဟာ အမြဲတမ်း နည်းပြတစ်ဦး ခေါ်ယူခြင်းမျိုး လုပ်ဦးမှာ မဟုတ်ပါဘူး။ ရာသီကုန်ထိ ကလပ်ကို ယာယီကိုင်တွယ်ပေးမယ့် နည်းပြကို ရှာဖွေနေစဉ်အတွင်း လာမယ့်ပွဲတွေမှာ မိုက်ကယ်ကားရစ်က တာဝန်ယူသွားမယ်လို့လည်း ယူနိုက်တက်က အတည်ပြုသွားပါတယ်။

ယူနိုက်တက် မန်နေဂျာရာထူးဟာ လီဗာပူးနဲ့ မန်စီးတီးကို ကြီးကြီးမားမား ရလဒ်တွေဖြင့် အရေးနိမ့်ကတည်းက မတည်မငြိမ် ဖြစ်နေခဲ့တာပါ။ ဂလေဇာ မိသားစုဘက်က ဆိုးရှားနဲ့ လမ်းခွဲဖို့ အတည်ပြုခြင်းကြောင့် အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ကာ ကလပ်ဘက်ကတော့ ဆိုးရှားကို လေးစားစွာ လမ်းခွဲဖို့ကိုလည်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဗီလာရီးရဲနဲ့ပွဲမှာ လက်ထောက်နည်းပြ ကားရစ်က အသင်းကို ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။