လာမယ့် ရာသီကျရင် အခုလို အခြေနေဆိုးတွေ မကြုံစေရပါဘူး လို့ ကတိစကားပါးလိုက်တဲ့ ဂိုးသမား အိုနာနာ
မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အန်ဒရေ အိုနာနာက ဒီရာသီမှာ ပြိုင်ဘက်အသင်းရဲ့ ဂိုးကန်ချက် အကြိမ်ပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ဂိုးတွေလည်း အများအပြား ခွင့်ပြုခဲ့ရသလို အသင်းရလဒ်တွေလည်း ဆိုးရွားခဲ့ပေမယ့်လည်း လာမယ့် ရာသီမှာတော့ အသင်းက အခြေအနေကောင်းတစ်ခုကို ပြန်ရောက်လာနိုင်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အင်တာမီလန်အသင်းကနေ ယူနိုက်တက်အသင်းဆီ ပေါင် (၄၃.၈)သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး အသင်းရဲ့ ပင်တိုင် ဂိုးသမားအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့်လည်း ခံစစ်ပိုင်း လိုအပ်ချက်တွေနဲ့ အိုနာနာရဲ့ လက်စွမ်းပိုင်း မတည်ငြိမ်မှုတွေကြောင့် အခွင့်အရေးတွေနဲ့ သွင်းဂိုးတွေ အများအပြားကို ခွင့်ပြုပေးခဲ့ရပါတယ်။

ဒါပေမယ့် အသင်းက ဒီရာသီမှာ အထူးသဖြင့် ခံစစ်ပိုင်းအတွင်းက ကစားသမားတွေ မကြာခဏ ဒဏ်ရာရရှိနေတာက အသင်းအတွက် တကယ့်ကို ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ရပြီး ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် ဖြတ်သန်းနေတဲ့ အိုနာနာအတွက်လည်း စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ခဲ့ရပါတယ်။
“ဘောလုံးမှာက ဒါဟာ အခိုက်အတန့်တချို့လို့ပဲ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့တွေ ပြီးခဲ့တဲ့ရာသီတုန်းက ဒဏ်ရာပြသာနာတွေရဲ့ ထိုးနှက်မှုတွေနဲ့ ကြုံရတယ်။ အရေးကြီးတဲ့ ကစားသမားတွေကိုလည်း လက်လွှတ်ခဲ့ရတယ်။
ဒါပေမယ့်လည်း ဒါတွေနဲ့ ဆင်ခြေပေးလို့ မရတာ သေချာပါတယ်။ ကျွန်တော်တို့ အားလုံးအတွက် ဆိုးရွားတဲ့ ဘောလုံးရာသီတစ်ခုသာ ဖြစ်ခဲ့ရတာ။
ဒါကြောင့်မို့ ကျွန်တော်တို့တွေ အခုအချိန် ပြုလုပ်နေတဲ့ အရာတွေအပေါ်မှာ အပြုသဘောဆောင်နေသင့်ပါတယ်။ ဒီရာသီမှာ မဟုတ်ရင်တောင်မှ လာမယ့် ဘောလုံးရာသီမှာတော့ ကျွန်တော်တို့တွေ အဆင်ပြေလိမ့်မယ်ဆိုတာကို ကျွန်တော် သိထားပါတယ်။ လာမယ့်ရာသီမှာလည်း ပြီးခဲ့တဲ့ ရာသီကလို ဆိုးရွားတဲ့ အရာတွေနဲ့ ကြုံရတော့မှာ မဟုတ်ဘူးဆိုတာ ရာနှုန်းပြည့် သေချာပါတယ်လို့ ပြောချင်ပါတယ်။” လို့ အိုနာနာက ပြောဆိုသွားခဲ့ပါတယ်။