ဂျော်ဂျင်ဟို ဒဏ်ရာ၊ ပွဲမတိုင်ခင် ရူဒီဂါရဲ့ ဂိုး ကတိစကားနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ
ချဲလ်ဆီး နည်းပြတူချယ်က လက်စတာနဲ့ပွဲမှာ ရရှိခဲ့ဲတဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့ ဒဏ်ရာ အခြေအနေဟာ မစိုးရိမ်ရကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဂျော်ဂျင်ဟိုအနေနဲ့ ချန်ပီယံလိဂ်ပွဲမှာပါဝင်နိုင်မှာဖြစ်ကြောင်း တူချယ်က ဆိုခဲ့တာပါ။
ချဲလ်ဆီးနည်းပြ တူချယ်က လက်စတာနဲ့ပွဲက တိုက်စစ်ကစားသမား ပူလီဆစ်ရဲ့ စွမ်းဆောင်ရည်ကို ပျော်ရွှင်မိကြောင်း၊ ပူလီဆစ်ဟာ ဂိုးသွင်းရတာ ဆာလောင်မှုရှိပြီး မိမိတို့ လိုအပ်နေတဲ့ ကစားသမားမျိုးဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီးနောက်ခံလူ ရူဒီဂါက သူ့အနေနဲ့ လက်စတာနဲ့ပွဲမတိုင်ခင် သားဖြစ်သူကို ဂိုးသွင်းနိုင်မယ်လို့ ကတိ ပေးထားခဲ့ကြောင်း၊ သူ့အနေနဲ့ ဒီပွဲမှာ ဂိုးသွင်းနိုင်မယ်လို့ ယုံကြည်ချက် မြင့်မားခဲ့ကြောင်း ပွဲအပြီးမှာဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ရီးရဲမက်ဒရစ်နောက်ခံလူ မီလီတာယိုကို ယူရိုသန်း ၆၀ နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်လျက် ရှိနေပါတယ်။ မီလီတာယိုဟာ ၂၀၁၉ ခုနှစ်က ပေါ်တိုကနေ ရီးရဲကို ပြောင်းလာခဲ့တာဖြစ်ပြီး လက်ရှိမှာခြေစွမ်းပြလျက် ရှိနေတာပါ။ ချဲလ်ဆီး အနေနဲ့ ရူဒီဂါ၊ ခရစ္စတန်ဆန်တို့ကို ဆက်ထိန်းနိုင်ဖို့ မသေချာတဲ့ အနေအထားမှာ နောက်ခံလူ ခေါ်ယူဖို့ စီစဉ်နေတာပါ။
ချဲလ်ဆီးအသင်းဟာ ခံစစ်မှုး ခရစ္စတန်ဆန် ကို သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ချုပ်ဆိုတော့မှာ ဖြစ်ကြောင်း စပိန် သတင်းတွေက ဖော်ပြလာပါတယ်။ ဒိန်းမတ် လက်ရွေးစင် ကစားသမားကို ဘာစီလိုနာကလည်း ချိတ်ဆက်နေပါတယ်။
ချဲလ်ဆီး ကွင်းလယ်လူ ဘာကလေကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ် လိဒ်စ် ယူနိုက်တက်က ပစ်မှတ် ထားနေပါတယ်။ လိဒ်စ်အနေနဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်လိုလျက်ရှိနေပြီး ဘာကလေကို ဇန်နဝါရီမှာပဲ ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။
လက်စတာကို ချဲလ်ဆီး အနိုင် ကန် အပြီးမှာ အိုင်ယာလန် ကွင်းလယ်ဟောင်း အန်ဒီရေ့ဒ်က ၃-၄-၃ ဘယ်လို ကစားရမလဲ သိချင်ရင် ချဲလ်ဆီးကို လာကြည့်ရမယ့် အနေအထား ဖြစ်နေပြီလို့ ဘီဘီစီ ရေဒီယို အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဂလင်းဟော်ဒယ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအနေနဲ့ မန်စီးတီးလို အပတ်တိုင်း ကစားနိုင်ခြင်း မရှိကြောင်း၊ ဒါပေမဲ့ ချဲလ်ဆီးက ခြေစွမ်း အတည်ငြိမ်ဆုံး အသင်းဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မှာဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။