အက်ဖ်အေဖလားဗိုလ်လုပွဲအပြီး ၂၄ နာရီမပြည့်မီ အင်္ဂလန်မှ အထုပ်ဆွဲ ထွက်ခွာမယ့် အဲရစ်တန်ဟက်

နည်းပြ အဲရစ်တန်ဟက်ဟာ ယနေ့ည ဝင်ဘာလေအက်ဖ်အေဖလားဗိုလ်လုပွဲအပြီး ၂၄ နာရီအတွင်းတွင် အိတ်ဆွဲကာ ဗြိတိန်မှ ထွက်ခွာလာပါမယ်။

အဲရစ်တန်ဟက်ဟာ ဂွါဒီယိုလာရဲ့ မန်စီးတီးနှင့် အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ယူနိုက်တက်ကို ချန်ပီယံဖြစ်အောင် ဦးဆောင်လာနိုင်ပါကလည်း ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရမယ်လို့ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေပါတယ်။

ယူနိုက်တက်တာဝန်ရှိသူများဟာ အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးတွင် ၂၀၂၃-၂၄ ရာသီကို ပြန်လည်သုံးသပ်မှု ပြုလုပ်ပြီး အဲရစ်တန်ဟက်အနာဂတ်ကို ဆုံးဖြတ်လာတယ်လို့ ယူဆရပါတယ်။

တဖက်တွင် ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး ထွက်ပေါ်နေတဲ့သတင်းများကို မငြင်းသလို၊ အတည်ပြုမှုလည်း မပြုလုပ်ဘဲ တစုံတရာ မှတ်ချက်ပေးရန် ငြင်းဆိုနေပါတယ်။

ဒါပေမဲ့ အဲရစ်တန်ဟက်ကတော့ တနင်္ဂနွေနေ့မှာ အားလပ်ရက် အပန်းဖြေခရီးထွက်ရန် စီစဉ်ထားပြီး ဖြစ်ပါတယ်။

အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးတွင် ဆာဂျမ်ရက်ကလစ်ဖ်နှင့် ဆွေးနွေးရန် အစီအစဉ်ရှိသလားလို့ မေးမြန်းလာချိန်မှာတော့ တန်ဟက်က “မရှိပါဘူး။ လုပ်ထားပြီးသားပါ။ တနင်္ဂနွေနေ့မှာ အားလပ်ရက် ခရီးထွက်ပါမယ်။ ဒါနဲ့ ထိုက်တန်တယ် လို့ ယုံကြည်တယ်”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၇.၇ ရာခိုင်နှုန်းကို ဝယ်ယူထားတဲ့ ဆာဂျမ်ရက်ကလစ်ဖ်ဟာ အဲရစ်တန်ဟက်ကို ထုတ်ပယ်ပြီး ပထမအသင်းနည်းပြဟောင်းမက်ကန်နာအား ခန့်အပ်မယ်လို့ သတင်းထွက်နေပါတယ်။

မက်ကန်နာဟာ အစ္စဝှစ်ချ်ကို ၂ ရာသီဆက် တန်းတက်နိုင်အောင် စွမ်းဆောင်နိုင်ပြီးနောက် ယူနိုက်တက်နည်းပြရာထူးအတွက်သာမက ချဲလ်ဆီး၊ ဘရိုက်တန်နည်းပြရာထူးတို့အတွက်လည်း ရေပန်းစားနေပါတယ်။

မြောက်အိုင်ယာလန်သားဟာ ယူနိုက်တက်တွင် ပထမအသင်းနည်းပြအဖြစ် အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။