မန်ယူက သူ့ကို မလိုချင်တော့ဘူး ဆိုရင် တခြားအသင်း သွားပြီး ဆုဖလားတွေ ယူမှာ ဆိုတဲ့ နည်းပြ အဲရစ်တန်ဟက်
မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ဝင်ဘာလေမှာ မြို့ခံပြိုင်ဘက် မန်စီးတီးကို ၂-၁ နဲ့ အနိုင်ယူပြီး အက်ဖ်အေ ဖလားကို ရရှိ အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အင်္ဂလန်ပြည်တွင်းမှာ ဂွာဒီယိုလာရဲ့အသင်းအား ဖိုင်နယ်ကနေ ဖြုတ်ချနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့သလို နည်းပြတန်ဟက်လက်ထက် ဖိုင်နယ်ပွဲ ၃ ပွဲ တက်ရောက်ရာမှာ ၂ ကြိမ် ဗိုလ်စွဲခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြတန်ဟက် တစ်ယောက် ယူနိုက်တက်ကို ဆက်လက် ကိုင်တွယ်ခွင့် ရမလား ဆိုတာကတော့ မရေရာသေးပါဘူး။
ဖိုင်နယ် ပွဲစဉ်အပြီးမှာ ယူနိုက်တက်အတွက် (၂)ရာသီအတွင်း အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကို ရယူပေးနိုင်ခဲ့တဲ့ တန်ဟက် က သူ လုပ်ဆောင်ခဲ့တာတွေနဲ့ပတ်သတ်ပြီး အခုလို မီးမောင်းထိုးပြခဲ့ပါတယ်။
“ကျွန်တော် ဒီကို ရောက်တုန်းကဆိုရင် အသင်းမှာ ကမောက်ကမတွေ ဖြစ်နေပေမယ့် အခုကတော့ အသင်းက အများကြီး တိုးတက်ပြောင်းလဲလာပါတယ်။”
“အသင်းရဲ့ အနာဂတ်အတွက် တည်ဆောက်နေတဲ့အခါမှာ အနိမ့်အမြင့် အတက်အကျတွေ ရှိခဲ့ပေမယ့်လည်း အသင်းက တိုးတက်လာတယ်။ ဆုဖလားတွေကိုလည်း ရရှိလာခဲ့တယ်။
“ ဒီ(၂)ရာသီမှာ ဖလား (၂)လုံး ရယူနိုင်ခဲ့တာကလည်း မဆိုးပါဘူး။ (၂)ရာသီမှာ ဖိုင်နယ် (၂)ကြိမ် တက်လှမ်းခဲ့တာလည်း မဆိုးပါဘူး။ ကျွန်တော်တို့ ဒီအတိုင်း ဆက်သွားနေရပါမယ်။ ဒါကို ကျွန်တော် မကျေနပ်မိသေးပါဘူး။ ကျွန်တော်တို့ ပိုကောင်းဖို့လည်း လိုအပ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက် အသင်းဘက်ကနေ ကျွန်တော့်ကို ထပ်ပြီး အလိုမရှိတော့ဘူးဆိုရင်တော့ ကျွန်တော် တစ်သင်းသင်းဆီ သွားပြီး ဆုဖလားတွေ ထပ်ယူပါမယ်။ ဒါက ကျွန်တော် လုပ်ဆောင်သွားမယ့် အရာပါပဲ။” လို့ တန်ဟက် က ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။