အဂွေရို တောင် မချီးကျူးဘဲ မနေနိုင် ဖြစ်သွားရလောက်အောင် ဝင်ဘာလေမှာ အစွမ်းပြခဲ့တဲ့ မိန်းနူး

မန်ချက်စတာစီးတီးဂန္တဝင် ဖြစ်ပေမယ့် ဆာဂျီယို အဂွေရိုဟာ စနေနေ့ညက ဝင်ဘလေမှာ မန်ချက်စတာယူနိုက်တက်က မန်စီးတီးကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲက ကော်ဘီ မိန်းနူးရဲ့ မယုံနိုင်စရာသွင်းဂိုးကို မချီးကျူးဘဲ မနေနိုင်ဖြစ်ခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အက်ဖ်အေဖလားကို ၁၃ ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့တာကြောင့် နည်းပြတန်ဟက်ရဲ့ ဖိအားတွေလည်း တော်တော်လေး လျော့နည်းသွားခဲ့ပြီး လာမယ့်နှစ် ယူရိုပါလိဂ်ဝင်ခွင့်လည်း ရရှိသွားခဲ့တာဖြစ်ပါတယ်။

ပေါလ် စခိုးလိုမျိုး မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကတောင် ကော်ဘီ မိန်းနူးဟာ သူ အသက် ၁၉ နှစ်သားအရွယ်က ဆယ်ဆလောက် ပိုမိုကောင်းမွန်တဲ့ကစားသမားဖြစ်တယ်လို့ ချီးကျူးခဲ့ရပြီး တန်ဟက်တော့ အသက် ၁၉ နှစ်အရွယ် ကစားသမားကို အရမ်းမချီးကျူးကြဘဲ တိုးတက်စရာရှိတာတွေကို အရှိန်အဟုန်နဲ့ ဆက်ပြီး တိုးတက်ခွင့်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးသမိုင်းမှာ အကြီးကျယ်အခမ်းနားဆုံးကစားသမားဖြစ်ခဲ့တဲ့ အဂွေရိုတောင်မှ မိန်းနူးရဲ့ ကောင်းမွန်မှုကို အသိအမှတ်မပြုဘဲ မနေနိုင်ခဲ့ဘဲ အာဂျင်တီးနားကြယ်ပွင့်ဟောင်းက ESPN မှာ မန်ယူနိုက်တက်ကြယ်ပွင့်ရဲ့ သွင်းဂိုးကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“ယူနိုက်တက်ရဲ့ဂိုးက မယုံနိုင်စရာကောင်းခဲ့ပါတယ်။”လို့ ပြောဆိုခဲ့ပြီး မိန်းနူး ဂိုးမသွင်းနိုင်အောင် မကာကွယ်နိုင်ခဲ့တဲ့ မန်စီးတီးအသင်းခေါင်းဆောင် ကိုင်လီ ဝေါ်ကာကလည်း ပွဲအပြီးမှာ အင်္ဂလန်လူငယ်ကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

“ကောင်းလိုက်တဲ့ အရည်အချင်း။ အင်္ဂလန်ရဲ့ မျိုးဆက်သစ်တွေရဲ့ အရည်အချင်းက အရမ်းကို စိတ်လှုပ်ရှားစရာကောင်းလာပါတယ်။

သူ့အနေနဲ့ ဒီရာသီမှာ ပြသခဲ့တဲ့ ခြေစွမ်းအတိုင်း ဆက်ပြီး ပြသနိုင်ပြီး ယူရိုမှာ တကယ်လို့ ရွေးချယ်ခံရမယ်ဆိုရင် ပထမအသင်းထဲမှာ ပါဝင်ခွင့်ရမယ်လို့ မျှော်လင့်မိပါတယ်။ မျှော်လင့်မိတာပါ။ ကျွန်တော် အခု အင်္ဂလန်အသင်းဦးထုပ်ကို ဆောင်းလိုက်တော့မယ်။ ကျွန်တော် ကောင်းမွန်တဲ့ ယူရိုပြိုင်ပွဲဖြစ်ချင်တယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။