FA ဖလား ချန်ပီယံဖြစ်ခဲ့ပေမယ့် ယူရိုပါလိဂ်မှာ ဝင်ကစားဖို့ မသေချာဘူး ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ FA ဖလား ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပေမဲ့ လာမဲ့ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပါဝင် ကစားခွင့် မရဘဲ ကွန်းဖရင့်လိဂ်တောင် ဆင်းကန်ရမယ့် အရေး ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၈ နေရာနဲ့သာ အဆုံးသတ်ခဲ့ရတာကြောင့် ၂၀၁၄-၁၅ ရာသီနောက်ပိုင်း ဥရောပပြိုင်ပွဲဝင်ခွင့်တစ်ခုမှ မရတဲ့အခြေအနေဖြစ်ခဲ့ပေမဲ့ FA ဖလားဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် မန်စီးတီးကို ခြေစွမ်းပြ အနိုင်ယူခဲ့လို့ ၂၀၂၄-၂၅ ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ရယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း UEFA က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် အပိတ်ခံရဖို့ရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင်ဖြစ်သူ ‘ဆာ’ဂျင်မ်ရက်ကလစ်ဖ်ရဲ့ INEOS အဖွဲ့ဟာ ပြင်သစ်ကလပ် နိုက်စ်အသင်းကိုလည်း ပိုင်ဆိုင်ထားပြီး နိုက်စ်အသင်းဟာ ဒီရာသီ ပြင်သစ်လီဂူးမှာ အဆင့် ၅ နေရာရခဲ့လို့ လာမဲ့ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။
INEOS အဖွဲ့ဟာ အခုလောလောဆယ် ယူနိုက်တက်အသင်းရဲ့ ရှယ်ယာ ၂၇ % သာ ပိုင်ဆိုင်ထားပေမဲ့ နောက်ထပ် ပေါင် ၂၃၅ သန်းအထိ ဆက်လက် ရင်းနှီးမြှပ်နှံသွားမှာဖြစ်တာကြောင့် ရှယ်ယာ ၃၀ % ကျော် ပိုင်ဆိုင်သွားဖို့ရှိပါတယ်။
UEFA ရဲ့သတ်မှတ်ချက်အရ ကုမ္ပဏီအဖွဲ့စည်းတစ်ခုဟာ ကလပ်အသင်းနှစ်သင်းမှာ ရှယ်ယာ ၃၀ % ကျော် ပိုင်ဆိုင်ထားမယ်ဆိုရင် အဲဒီနှစ်သင်းကို ပြိုင်ပွဲတစ်ခုတည်းမှာ ယှဉ်ပြိုင်ကစားခွင့်ပြုမှာ မဟုတ်ပါဘူး။
တကယ်လို့ INEOS အဖွဲ့အနေနဲ့ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မဲ့နည်းလမ်း ရှာမတွေ့ရင်တော့ UEFA ရဲ့စည်းကမ်းအရ ယူနိုက်တက် ဒါမှမဟုတ် နိုက်စ်တို့ထဲက တစ်သင်းသင်းဟာ ယူရိုပါ ကွန်းဖရင့်လိဂ် ပြိုင်ပွဲကို သွားရောက်ကစားရဖို့ရှိပါတယ်။
နိုက်စ်အသင်းဟာ ယူနိုက်တက်ထက် ပြည်တွင်းလိဂ်အဆင့်ရပ်တည်မှု ပိုကောင်းပေမဲ့ ယူနိုက်တက်အသင်းက FA ဖလား ချန်ပီယံဆုရယူနိုင်ခဲ့တာကြောင့် ဦးစားပေးစဉ်းစားခံရဖို့ရှိနေတဲ့အတွက် နိုက်စ်အသင်းပဲ ကွန်းဖရင့်လိဂ် သွားရောက် ယှဉ်ပြိုင်ရမဲ့အနေအထားရှိတယ်လို့ ပြင်သစ်နာမည်ကျော်သတင်းစာ L’Equipe က သုံးသပ်ဖော်ပြခဲ့ပါတယ်။