အိုဒီဂတ်၊ မက်ဒီဆန် တို့ထက် ဘရူနိုဖာနန်ဒက်စ် က ပိုကောင်းကြောင်း ထုတ်ဖော် ချီးကျူးလာတဲ့ ဒီဘရိုင်း

မန်စီးတီး ကွင်းလယ်ကြယ်ပွင့် ကီဗင် ဒီဘရိုင်းကတော့ ပြိုင်ဘက် အသင်းကြီး ကွင်းလယ် ကစားသမားတွေထဲမှာ အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်၊ စပါး ကွင်းလယ် ဖန်တီးရှင် မက်ဒီဆန်တို့ကို ကျော်ပြီး ဘရူနိုဖာနန်ဒက်စ်ကို ချီးကျူး စကားပြောကြားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်အဖြစ်နဲ့ အက်ဖ်အေဖလားကို ပူပူနွေးနွေး ကိုင်မြှောက်နိုင် ခဲ့တာပါ။

ဖာနန်ဒက်စ်ဟာ အချို့သော ကွင်းတွင်းအချက်အလက်တွေမှာ ဒီဘရိုင်းထက်တောင် ပိုကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ဘရူနိုဖာနန်ဒက်စ်က ပိုကောင်းတယ်၊ ဒီဘရိုင်းက ပိုကောင်းတယ်ဆိုပြီး အငြင်းပွားမှုတွေလည်း ရှိခဲ့တာပါ။

စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက “ကျွန်တော့်အထင် ဘရူနိုဖာနန်ဒက်စ်က ဖန်တီးနိုင်စွမ်းကောင်းတဲ့ စက်တစ်လုံးလိုပါပဲ။ အိုဒီဂတ်ရဲ့ ဖန်တီးမှုကလည်း အရမ်းကောင်းပါတယ်။ ဒါပေမယ့် သူက နည်းနည်းလေး ထိန်းချုပ်လွန်းပါတယ်။

မက်ဒီဆန်ကလည်း တကယ်ကို ဖန်တီးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အသင်းကြီးမှာ သူ ဒီထက်ပိုလုပ်ပြတာကို ကျွန်တော် မြင်ချင်ပါသေးတယ်။ ဘရူနိုဖာနန်ဒက်စ်ကတော့ ဒါမျိုးတွေကို ကာလရှည်ကြာ လုပ်ပြခဲ့ပြီးပါပြီ” လို့ ချီးကျူးပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက် ကစားသမားအဖြစ်နဲ့ အက်ဖ်အေဖလား၊ ကာရာဘောင်ဖလားတို့ကို ဆွတ်ခူးထားနိုင်ပြီးဖြစ်ပါတယ်။ အသင်းအတွက်လည်း အချိန်ပြည့်ရုန်းကန်ပေးနေသည့်တိုင် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့လည်း အမြဲတမ်းလိုလို ရင်ဆိုင်နေရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။