ဖလား တစ်လုံး ရလိုက်လို့ အဲရစ်တန်ဟက်ကို ထုတ်ပယ်ဖို့ မန်ချက်စတာ ယူနိုက်တက် ပို အခက်တွေ့နေ

မန်ချက်စတာ ယူနိုက်တက် အက်ဖ်အေဖလားချန်ပီယံ ဖြစ်သွားတာကြောင့် စာချုပ်ပါအချက်တစ်ခု အသက်ဝင်လာမှုနှင့်အတူ နည်းပြအဲရစ်တန်ဟက်အား ထုတ်ပယ်ရန် ပိုမိုခက်ခဲလာစေခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၄ ကြိမ်ဆက် ချန်ပီယံ မန်စီးတီးကို ၂-၁ ဖြင့် အံ့ဩသင့်ဖွယ်ခြေစွမ်းဖြင့် အနိုင်ယူကာ အက်ဖ်အေဖလားချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

ယင်းကဲ့သို့ အက်ဖ်အေဖလား ဆွတ်ခူးလာခဲ့ပေမဲ့လည်း ယူနိုက်တက်မှာ ၁၉၉၀ ခုနှစ်နောက်ပိုင်း အဆိုးဆုံးအဆင့်အဖြစ် ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာမှာ ရပ်တည်ခဲ့ရရာ လာမယ့် ရက်သတ္တပတ်များအတွင်းမှာ အဲရစ်တန်ဟက်ကို ထုတ်ပယ်မယ်လို့ သတင်းများ ဆက်လက် ထွက်နေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ The Times သတင်း ရဲ့ ဖော်ပြမှုအရ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဆွတ်ခူးရရှိပြီး လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့် ရရှိလာမှုနှင့်အတူ အဲရစ်တန်ဟက်အား ထုတ်ပယ်ရန် ပိုမိုခက်ခဲလာကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ စာချုပ်ပါအချက်အရ ဥရောပဝင်ခွင့်ရအောင် စွမ်းဆောင်ထားချိန်တွင် အဲရစ်တန်ဟက်ကို ထုတ်ပယ်ပါက နစ်နာကြေး ပိုမိုမြင့်မားစွာ ပေးလာရမှာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် ယူနိုက်တက်ဘုတ်အဖွဲ့ဟာ ၂၀၂၃-၂၄ ရာသီအား ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်နေပြီး လာမယ့်ရက်များအတွင်းတွင် အဲရစ်တန်ဟက်ရဲ့ အနာဂတ်ကို ဆုံးဖြတ်လာဖို့ ရှိနေပါတယ်။

တဖက်တွင် အဲရစ်တန်ဟက်ကတော့ အသင်းဟောင်းအေဂျက်စ်အပါအဝင် ကလပ်အမြောက်အမြားတို့ရဲ့ ဆက်သွယ်မှု ရရှိထားကြောင်း ဆိုထားပါတယ်။

၎င်းက “အေဂျက်စ်ကလည်း ကျွန်တော် အထုတ်ခံရပြီး အသင်းလက်မဲ့ ဖြစ်လာမယ်လို့ ယူဆထားမှာပဲ။ အခြားအရာကို လုံးဝမတွေးပါဘူး။ အခြားဘာမှလည်း မလုပ်ချင်ပါဘူး။ မန်ချက်စတာယူနိုက်တက်အတွက်ပဲ အာရုံစိုက်ထားပါတယ်။ တလောတုန်းက ကလပ်တွေအများကြီး ဆက်သွယ်လာကြတယ်။ ဒါပေမဲ့ ကျွန်တော် ဂရုမစိုက်ပါဘူး”လို့ ပြောကြားသွားပါတယ်။