ဖရိုဖရဲ ဖြစ်နေတဲ့ မန်ယူအသင်းအတွက် တင်းကြပ်တဲ့ အပြောင်းအရွှေ့ ပေါ်လစီ ၅ ချက်ကို သတ်မှတ်လိုက်တဲ့ ရက်ကလစ်ဖ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပူးတွဲပိုင်ရှင် ဆာ ဂျင် ရက်ကလစ်ဖ်ဟာ အပြောင်းအရွှေ့ ပေါ်လစီအတွက် စည်းကမ်း ၅ ချက် ချမှတ်လိုက်ပြီး တကယ်လို့ နည်းပြအပြောင်းအလဲဖြစ်လာမယ်ဆိုရင် နည်းပြသစ်ဟာ အဲဒီ စည်းကမ်းတွေကို လိုက်နာဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပေမဲ့ နည်းပြအဲရစ်တန်ဟက်ရဲ့ အနာဂတ်က မသေချာသေးပါဘူး။

ယူနိုက်တက်အသင်းမှာ အဲရစ်တန်ဟက် ဆက်ရှိသည်ဖြစ်စေ၊ နည်းပြသစ်ခန့်အပ်သည်ဖြစ်စေ အဲဒီနည်းပြဟာ ရက်ကလစ်ဖ်ရဲ့ စည်းကမ်းတွေကို မဖြစ်မနေ လိုက်နာရမှာပါ။

ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီးဖာဂူဆန် အနားယူသွားတဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ကစားသမားသစ်တွေကို ပေါင် ၁.၅ ဘီလီယံအထိ အသုံးပြုခေါ်ယူခဲ့ပေမဲ့ အသင်းက တိုးတက်မှု မရှိလာဘဲ ဒီရာသီမှာဆိုရင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအဖြစ် အဆင့် ၈ နေရာနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

အဲဒါကြောင့် ဆာ ဂျင် ရက်ကလစ်ဖ်က အပြောင်းအရွှေ့ကိစ္စအပါအဝင် အသင်းနဲ့ပတ်သက်တဲ့ မူဝါဒ ၅ ချက်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

၁ – အသက် ၂၅ နှစ်ထက် ပိုကြီးတဲ့ ကစားသမား မခေါ်ရ။
၂ – နာမည်ကြီး ကစားသမား မခေါ်ရ။
၃ – ကစားဟန်ကို နည်းစနစ်ဒါရိုက်တာ စီမံမည်။
၄ – မန်နေဂျာက လိုအပ်တဲ့ နေရာအတွက် တောင်းဆိုပိုင်ခွင့်ရှိပြီး ဘယ်ကစားသမား ခေါ်ယူပေးပါလို့ နာမည်တပ် တောင်းဆိုခွင့် မရှိ။
၅ – မန်နေဂျာ လိုအပ်တဲ့ နေရာတိုင်းအတွက် ယူနိုက်တက်ဘက်က ကစားသမား ၃ ဦး စာရင်းတင်ပြကာ ရွေးချယ်ခွင့် ပေးမည်။

ဆာ ဂျင် ရက်ကလစ်ဖ် က နည်းပြတွေ အရင်လို ပရမ်းပတာ ငွေသုံးတာမျိုး မလိုချင်ဘဲ စည်းကမ်းတကျဖြစ်အောင်လို့ အခုလို မူဝါဒ ချမှတ်တာဖြစ်ပြီး အဲရစ်တန်ဟက် ဒါမှမဟုတ် ယူနိုက်တက်နည်းပြသစ်ဟာ အဲဒီစည်းမျဉ်းတွေကို လိုက်နာနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။