နွေမှာ နိုင်ငံတကာ ပြိုင်ပွဲ နှစ်ခု ကစားမယ့် ဂါနာချို က မန်ယူရဲ့ ရာသီအစောပိုင်း ကာလကို လွဲချော်မှာ စိုးရိမ်နေရပါပြီ
မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ကတော့ အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဂါနာချို လာမဲ့ ပရီးမီးယားလိဂ် ရာသီအစပိုင်းပွဲတွေကို လွဲချော်ဖို့ရှိနေတဲ့အပေါ် စိုးရိမ်တကြီးဖြစ်နေကြပါတယ်။
အသက် ၁၉ နှစ်သာရှိသေးသူ ဂါနာချိုဟာ အခုနွေရာသီအတွင်း လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာပြိုင်ပွဲ ၂ ခုမှာ ပါဝင်ဆင်နွှဲဖို့ နီးစပ်နေတာကြောင့် ပရီးမီးယားလိဂ်ရာသီအစပိုင်းကို လွဲချော်မဲ့အနေအထားဖြစ်နေပါပြီ။

ဒီရာသီမှာ ဂါနာချိုဟာ ယူနိုက်တက်အသင်း တိုက်စစ်အတွက် အဓိက,ကစားသမားအဖြစ် ပါဝင်ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲစုံ ပွဲ ၅၀ ကစား၊ ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ခဲ့သလို အသင်းနဲ့အတူ FA ဖလား ချန်ပီယံဆုရယူနိုင်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းနည်းပြစကာလိုနီဟာ အခု ဇွန်လအတွင်းကစားဖို့ရှိတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် လက်ရွေးစင် အသင်းလူစာရင်းမှာ ဂါနာချိုကို ရွေးချယ်ထားပြီး ကိုပါအမေရိကဖလားပြိုင်ပွဲကို ဇွန်လ ၂၀ ကနေ ဇူလိုင် ၂၄ ရက်အထိ အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းသွားမှာဖြစ်ပါတယ်။
ပုံမှန်အတိုင်းဆိုရင် အဲဒီပြိုင်ပွဲအပြီးမှာ ဂါနာချိုဟာ ရက်အနည်းငယ်ကြာ အနားယူပြီး ယူနိုက်တက်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲခရီးစဉ်အတွက် အသင်းနဲ့ပူးပေါင်းရမှာဖြစ်ပေမဲ့ အာဂျင်တီးနား ယူ-၂၀ အသင်းနည်းပြမာရှေရာနိုကလည်း အိုလံပစ်ပြိုင်ပွဲမှာ ဂါနာချိုကို ရွေးချယ်သွားမှာဖြစ်တယ်လို့ TNT Sports Argentina သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်ကနေ သြဂုတ်လ ၉ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ရာသီက သြဂုတ်လ ၁၇ ရက်ကျရင် စတင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဂါနာချိုဟာ ကိုပါအမေရိကဖလား၊ အိုလံပစ်ပြိုင်ပွဲတွေ ပါဝင်ကစားဖြစ်မယ်ဆိုရင် ကြံ့ခိုင်မှုပြည့်ဝအောင် အနားယူဖို့ လိုအပ်တဲ့အတွက် ယူနိုက်တက်အသင်းရဲ့ ရာသီအစပွဲတွေကို သေချာပေါက် လွဲချော်မှာပါ။
FA ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ သြဂုတ် ၁၀ ရက်နေ့ကျရင် ရာသီအဖွင့်၊ ကွန်မြူနတီဒိုင်းပွဲအဖြစ် မန်စီးတီးနဲ့ကစားရမှာဖြစ်ပြီး ဂါနာချိုသာ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲဖြစ်မယ်ဆိုရင် ကွန်မြူနတီဒိုင်းပွဲကို လွဲချော်မှာဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်ပရိသတ်တွေက ဂါနာချိုကို အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့် မပြုဖို့ တောင်းဆိုနေကြပြီး ဖီဖာရဲ့စည်းမျဉ်း အရလည်း ကလပ်အသင်းတစ်သင်းအနေနဲ့ သူတို့ကစားသမားကို အိုလံပစ်ပြိုင်ပွဲမှာ မကစားစေချင်ရင် တားမြစ်ပိုင်ခွင့် ရှိပါတယ်။