ဘိုင်ယန်မြူးနစ်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်လာတဲ့ မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်

ဘွန်ဒစ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းထွက်လာပါတယ်။

ယူနိုက်တက်အသင်းဟာ လာမဲ့နွေရာသီအပြောင်းအရွှေ့ကျရင် ကစားသမားသစ်ခေါ်ယူဖို့၊ လက်ရှိ ကစားသမားတချို့ကို ရောင်းချဖို့အတွက် အလုပ်များဖို့ရှိပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ အနာဂတ်ကလည်း မသေမချာဖြစ်နေပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်သူ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းမှာ အဓိက ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရနေပေမဲ့လည်း လာမဲ့နွေရာသီအတွင်း အသင်းနဲ့လမ်းခွဲဖို့ရှိနေပြီး သူ့အေးဂျင့်ဖြစ်သူ မီဂွယ်ပင်ဟိုနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ အပြောင်းအရွှေ့ကိစ္စအတွက် စတင်ဆွေးနေကြတယ်လို့ ပေါ်တူဂီ အားကစားသတင်းစာ O Jogo က ဖော်ပြခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ကို လာလီဂါထိပ်သီး ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေသလို မကြာခင် ဆွေးနွေးဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။

ပြီးခဲ့တဲ့မေလအတွင်း အင်တာဗျူးမှာ ဘရူနိုဖာနန်ဒက်စ်က ယူရိုပြိုင်ပွဲအပြီးကျရင် ယူနိုက်တက်ကနေ ထွက်ခွာဖို့ရှိတယ်လို့ အံ့အားသင့်စရာ ဖွင့်ဟပြောဆိုခဲ့ပြီးတဲ့နောက် သူ့အနာဂတ်နဲ့ပတ်သက်တဲ့ ခန့်မှန်းသတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပရီးမီးယားလိဂ်က နာမည်ကျော်ကစားသမားတွေဖြစ်ကြတဲ့ ဆာနေး၊ မာနေး၊ အဲရစ်ဒိုင်ယာ၊ ဟယ်ရီကိန်းတို့ကို ခေါ်ယူခဲ့တာကြောင့် အခု ဘရူနိုဖာနန်ဒက်စစ်ရဲ့အပြောင်းအရွှေ့ကလည်း မထင်မှတ်ဘဲ စိတ်ဝင်စား စောင့်ကြည့်စရာ ဖြစ်လာပါတယ်။

၂၀၂၀ ဇန်နဝါရီက ယူနိုက်တက်ကို ရောက်ရှိလာသူ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းအတွက် ပွဲပေါင်း ၂၃၃ ပွဲကစား၊ ၇၉ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၆၆ ကြိမ်ပြုလုပ်ခဲ့ပြီး ယူနိုက်တက်နဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေတာဖြစ်ပါတယ်။