မန်ယူ ဒိတ်ဒိတ်ကြဲ ကြယ်ပွင့် နှစ်ဦးကို ပေါင် သန်း ၂ဝဝ နဲ့ ခေါ်ယူဖို့ ခြေလှမ်းပြင်လာတဲ့ အသင်း
ဆော်ဒီပရိုလိဂ် ကလပ် အယ်လ်နာဆာ အသင်းကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ ကက်စီမဲရိုးတို့အတွက် ပြောင်းကြေးရွှေ့ ပေါင် သန်း(၂၀၀)ခန့်လောက်အထိ အသုံးပြုပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ခရစ္စတီယာနို ရော်နယ်လ်ဒို အပါအဝင် ဆာဒီယို မာနေး၊ မာဆယ်လို ဘရိုဇိုဗစ်၊ အမ်းမရစ် လာပေါ့တ်၊ အော်တာဗီယို၊ တာလီစကာတို့လို အရည်အသွေးမြင့် ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ အယ်လ်နာဆာဟာ ဒီလို ကစားသမား အင်အား တောင့်တင်းပေမယ့်လည်း အယ်လ်ဟီလာအသင်းကို မယှဉ်ပြိုင်နိုင်ပဲ ဒုတိယနေရာတွေမှာသာ ရှိနေခဲ့ရပါတယ်။

ဒါကြောင့် လာမယ့်ရာသီမှာ အယ်လ်ဟီလာကို ပိုမို စိန်ခေါ်လာနိုင်ဖို့အတွက် ကစားသမားအင်အားကို ဖြည့်တင်းမှုတွေ၊ ထိပ်တန်း ကစားသမား ခေါ်ယူမှုတွေကို လုပ်ဆောင်ဖို့ လိုအပ်လာခဲ့ပြီး လက်ရှိမှာတော့ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုရဲ့အသင်းဖော်ဟောင်းနှစ်ဦးကို ပစ်မှတ်ထားလို့နေပါတယ်။
ဒီကစားသမားတွေကတော့ ယူနိုက်တက် ကွင်းလယ်ခံစစ်ကစားသမား ကက်စီမဲရိုးနဲ့ ယူနိုက်တက် အသင်းခေါင်းဆောင် ကွင်းလယ်ဖန်တီးရှင် ဖာနန်ဒက်စ်တို့ပဲ ဖြစ်ပါတယ်။
ဒီနှစ်ဦးမှာ ကက်စီမဲရိုးက ယူနိုက်တက်ကနေ သေချာပေါက် ထွက်ခွာဖွယ် ရှိနေသလို ဖာနန်ဒက်စ်ကတော့ အသင်းမှာ ဆက်နေချင်ပေမယ့် အသင်းအတွငင်း နည်းပြအပြောင်းအလဲနဲ့ ပိုင်ရှင်သစ်တွေရဲ့ပရောဂျက်တွေကို သိရှိပြီးမှ သူ့အနာဂတ်ကို ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။
လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ အယ်လ်နာဆာအသင်းဟာ ဘရာဇီးလ် ဝါရင့် ကွင်းလယ်ကစားသမား ကက်စီမဲရိုးအတွက် ပေါင် သန်း(၈၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်ထားပြီး ကက်စီမဲရိုးနဲ့ ရီးရဲလ်မှာရော ယူနိုက်တက်မှာပါ တွဲဖက်ကစားဖူးတဲ့ ရော်နယ်လ်ဒိုက လက်ရှိ သူရဲ့ကလပ် အယ်လ်နာဆာအသင်းဆီ ကက်စီမဲရိုး ပြောင်းရွှေ့လာဖို့အတွက်ကိုပါ စည်းရုံးသိမ်းဖွယ် ရှိနေပါတယ်။
အယ်လ်နာဆာက ကက်စီမဲရိုးအပြင် ဒီရက်ပိုင်းမှာ အနာဂတ် မတည်မငြိမ် ဖြစ်လာရတဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ အခြေအနေကိုပါ စောင့်ကြည့်လာခဲ့ပြီး ဖာနန်ဒက်စ်အတွက်ကိုလည်း ပေါင် (၁၂၈)သန်းနဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်ထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။