မန်ယူအသင်းကို ကိုင်တွယ်ဖို့ ငြင်းဆန်သွားမယ့် ဇီဒန်းနဲ့ ပြောင်းလာချင်တဲ့ ပိုချက်တီနို
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဟောင်း ဇီဒန်းကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့အတွက် ကြိုးပမ်းမှုတွေ ရှိနေခဲ့ပေမယ့်လည်း ဇီဒန်းဘက်ကတော့ ယူနိုက်တက်ရဲ့ နည်းပြရာထူးကို လက်ခံသွားဖို့အတွက် စိတ်ဝင်စားခြင်း မရှိဘူးလို့ သိရှိရပါတယ်။
ပြင်သစ် အင်အားကြီးကလပ် ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြ မော်ရီစီယို ပိုချက်တီနိုကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြရာထူးကို ရယူဖို့ အတွက် စိတ်ဝင်စားနေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ပွဲမှာ ရမှတ် ၄မှတ်သာ စုဆောင်းနိုင်ခဲ့တာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အသင်းကို ရေရှည်ကိုင်တွယ်နိုင်မယ့် ထိပ်တန်း နည်းပြတဦးကို ရှာဖွေနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းနဲ့ အေဂျက်နည်းပြ တန်ဟက်တို့ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးနေပေမယ့် မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ရဲ့ စိတ်ကြိုက်နည်းပြက ပိုချက်တီနို ဖြစ်တယ်လို့ သတင်းထွက်နေတယ်။
ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်ခွင့် ရထားပေမယ့် ပြင်သစ်မြေမှာ ပျော်ရွှင်မှု မရှိပဲ အကယ်၍ မန်ချက်စတာ ယူနိုက်တက်အသင်းကသာ သူ့ကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့မယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။
ပိုချက်တီနိုက မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ချင်နေပေမယ့် ပီအက်စ်ဂျီအသင်း ကတော့ ပိုချက်တီနိုကို လက်မလွှတ်လိုပဲ အကယ်၍ ပိုချက်တီနိုကို မဖြစ်မနေ လက်လွှတ်ရမယ် ဆိုပါက ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရမှသာ ပိုချက်တီနိုကို အသင်းကနေ ထွက်ခွာခွင့် ပေးဖွယ် ရှိကြောင်း ပီအက်စ်ဂျီအသင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။