အဲရစ်တန်ဟက် မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆက်ဖြစ်မှာလား၊ မဖြစ်လား ဒီရက်ပိုင်းအတွင်း ထူးတော့မည်
နည်းပြ အဲရစ်တန်ဟက်ဟာ ယခုရက်ပိုင်းအတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက် နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရ/မခံရကို သိရတော့မှာ ဖြစ်ပါတယ်။
နယ်သာလန်သား နည်းပြဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အက်ဖ်အေဖလား ရယူပေးနိုင်ခဲ့ပေမဲ့လည်း ပရီးမီးယားလိဂ်တွင် စိတ်ပျက်စရာ ရာသီကြုံခဲ့ရပြီးနောက် အနာဂတ် မရေမရာ ဖြစ်နေသူ ဖြစ်ပါတယ်။

ယူနိုက်တက်ဘုတ်အဖွဲ့ဟာ ပြီးခဲ့တဲ့အပတ်နှောင်းပိုင်းမှ စတင်ကာ ကလပ်ရဲ့ ရာသီအား ပြန်လည်သုံးသပ်မှု ပြုလုပ်လာခဲ့ကြပါတယ်။
တကယ်တော့ ယူနိုက်တက်ဟာ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်လျှင် အဲရစ်တန်ဟက်အား ထုတ်ပယ်ရန် စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ အဲရစ်တန်ဟက်ဟာ ယူနိုက်တက်ကို အကောင်းဆုံးခြေစွမ်းဖြင့် ကစားစေပြီး အက်ဖ်အေဖလား ဆွတ်ခူးပြီးနောက် ပရိသတ်များရဲ့ ထောက်ခံမှု ရရှိလာခဲ့ပါတယ်။
အဲရစ်တန်ဟက်ဟာ ယူနိုက်တက်ကို အက်ဖ်အေဖလား ရယူပေးပြီးနောက် တစ်ရက်အကြာတွင် အားလပ်ရက် အပန်းဖြေခရီး ထွက်လာခဲ့ပါတယ်။
Sky Sports က ယူနိုက်တက်ဟာ ယခုအပတ်အတွင်းတွင် အဲရစ်တန်ဟက်အား ထုတ်ပယ်/မထုတ်ပယ်ကို ဆုံးဖြတ်လာမှာ ဖြစ်ကြောင်း ဖော်ပြလာပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ နည်းပြသစ်ခန့်အပ်ပြီး စီမံကိန်းသစ်စတင်ရန် စဉ်းစားနေပြီး ၎င်းတို့ရဲ့ ပစ်မှတ်ထဲတွင် ဘာစီလိုနာနည်းပြဟောင်းဇာဗီး ထိပ်ဆုံးမှ ပါဝင်နေပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်ကိုလည်း ခန့်အပ်လိုနေပါတယ်။