သရဲနီ ကြယ်ပွင့် နှစ်ဦးကို အာဆင်နယ် ရအောင် ခေါ်ဖို့ တိုက်တွန်းနှိုးဆော်နေတဲ့ ဆက်ဂ်ညာ
မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် နှစ်ဦးကို ဒီနွေရာသီ အပြောင်းအရွေ့ကာလမှာ အာဆင်နယ် အသင်း အနေနဲ့ အရ ခေါ်ယူသင့်ကြောင်း ဂန်းနား နောက်ခံလူဟောင်းကြီးဆက်ဂ်ညာ က တိုက်တွန်းလိုက်ပါတယ်။
ဆက်ဂ်ညာ ခေါ်စေချင်တဲ့သူတွေကတော့ မန်ယူ အသင်း ရဲ့တောင်ပံ တိုက်စစ် ကစားသမား ရက်ရှ်ဖိုဒ့် နှင့် နောက်ခံလူ ဗာရန်း တို့ ဖြစ်ပါတယ်။

ဆက်ဂ်ညာက ” ရက်ရှ်ဖိုဒ့် ကို အာဆင်နယ် အသင်းမှာ တကယ် မြင်ချင်ပါတယ်။ အာဆင်နယ် အသင်း တိုက်စစ် ကို ရက်ရှ်ဖိုဒ့် လို မြန်နှုန်းမြင့် ကစားသမားသာ ပေါင်းထည့်လိုက်ရင် ပြိုင်ဘက်တွေကို ကောင်းကောင်း ချေမှုန်း နိုင်ပါလိမ့်မယ်။
အာဆင်နယ်လို အရည်အသွေးမြင့် ကြယ်ပွင့်တွေစုနေတဲ့ အသင်းကို ရက်ရှ်ဖိုဒ့် သာ ရောက်လာရင် ပြိုင်ဘက်တွေ အတွက် ကြောက်စရာ ဖြစ်သွားမှာပါ။ ရက်ရှ်ဖိုဒ့် က တအား မြန်ပါတယ်။ သူ့ကိုသာ ခေါ်နိုင်ရင် အာဆင်နယ် တိုက်စစ် က ရွေးချယ်စရာတွေ ပိုများသွားမှာပါ။ သိပ်ကို ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်မှာပါ၊ အသင်းရဲ့ ရည်မှန်းချက် ပန်းတိုင်က ဘာလဲဆိုတာ အားလုံးကို လှစ်ဟ ပြလိုက်တာ ဖြစ်မှာ အသေအချာပါပဲ။ ” လို့ အားပါးတရ တိုက်တွန်း အကြံပေးခဲ့တာပါ။
ဆက်လက်ပြီး ဆက်ဂ်ညာ က ” ဗာရန်းကလည်း ပရီးမီးယားလိဂ် ကို ဦးဆောင်နေတဲ့ အသင်းအတွက် ကောင်းမွန်တဲ့ အင်အား ဖြည့်တင်းမှု ဖြစ်စေမယ့် ကစားသမားပါ။ သူက အတွေ့အကြုံ အများကြီး ရှိတဲ့ ထိပ်တန်း ကစားသမား တစ်ဦးပါ။ ကစားသမားဘဝ မှာလည်း ဆုဖလား အောင်မြင်မှုတွေ အများကြီး ရခဲ့သူပါ။

ကျနော် သူနဲ့ ပြင်သစ်မှာ အတူ ကစားဖူးပါတယ်၊ သူက တကယ့် အံ့ဖွယ် ကစားသမားပါ၊ သူ့မှာ အများကြီး ကျန်ပါသေးတယ်၊ ခုမှ အသက် ၃၁ နှစ်ပဲ ရှိသေးတာလေ။ သူ့ရဲ့ အောင်ပွဲ ဆာလောင်စိတ် နှင့် ကိုယ်ရည်ကိုယ်သွေးက အာဆင်နယ် အတွက် အသုံးဝင်ပါလိမ့်မယ်။
အာဆင်နယ် အသင်း မှာလည်း ကောင်းကောင်း အဆင်ပြေ အံဝင်မယ့် ကစားသမားမျိုးပါ ၊ သူ့မှာ နောက်ထပ် နှစ်အနည်းငယ်လောက် အထိ ထိပ်တန်း အဆင့်မှာ ကစားချင်သေးတဲ့ ပြင်းပြတဲ့စိတ်ကိုလည်း ကျနော် တွေ့ရပါတယ်။ ” လို့ ထပ်မံ ညွှန်းဆိုခဲ့ပါတယ်။
ပြင်သစ်သား နောက်ခံလူ ဗာရန်း ကတော့ မန်ချက်စတာ ယူနိုက်တက်ကနေ ဒီနွေမှာပဲ အလွတ်နဲ့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။