ဝိုင်းဝိုင်းလည်နေတဲ့ မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ အသည်းအသန် ထ ကြိုးစားနေတဲ့ ကလပ်အသင်း

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူသွားဖို့ ပေါ်တူဂီ ထိပ်သီးကလပ်အသင်းဖြစ်တဲ့ ဘင်ဖီကာ ကတော့ အရှိန်အဟုန်မြင့် ကြိုးပမ်းနေတယ်လို့ ပေါ်တူဂီ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ်သာ ရှိသေးတဲ့ မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ ယူနိုက်တက်အတွက် အားထားရတဲ့ လူငယ် ကစားသမား ဖြစ်ခဲ့ပေမယ့်လည်း အတူနေချစ်သူနဲ့ အမှုကိစ္စတွေကြောင့် ယူနိုက်တက်မှာ ဘောလုံးဆက်ကစားဖို့ မလွယ်ကူတော့ပဲ ဂီတာဖေးအသင်းဆီ အငှားထွက်ကစားခဲ့ရပါတယ်။

ဂရင်းဝုဒ်က သူတစ်ခါမှ မကျင်လည်ဖူးသေးတဲ့ စပိန်လာလီဂါပြိုင်ပွဲမှာ ဂီတာဖေးအသင်းနဲ့အတူ ကျင်လည်ခဲ့ရပေမယ့် ဂီတာဖေးအတွက် လာလီဂါနဲ့ ကိုပါဒယ်ရေး ပွဲပေါင်း (၃၆)ပွဲအထိ ပါဝင်ကစားခဲ့ရင်း (၁)ဂိုးသွင်းပြီး (၆)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဂရင်းဝုဒ်က ဂီတာဖေးအသင်းရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးခဲ့ရပါသေးတယ်။

ဂီတာဖေးမှာ မထင်ထားလောက်အောင် ခြေစွမ်းပြသနိုင်လို့ သူ့ကို အသက်လက်တီကို ဘာစီလိုနာတို့ အပါအဝင် လာလီဂါကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်လာခဲ့ပြီး ဂျုဗင်တပ်စ်အသင်းကလည်း ကစားသမား အလိုက်ပေးပြီး ကမ်းလှမ်းဖို့ပါ ပြင်ဆင်လာခဲ့ပါတယ်။

ဒီလို ကလပ်အသင်းများစွာရဲ့ ပစ်မှတ်ကစားသမား ဖြစ်လာတဲ့ ဂရင်းဝုဒ်ကို လက်ရှိမှာ ဘင်ဖီကာအသင်းကပါ စိတ်ဝင်စားလာခဲ့ပြီး ဂရင်းဝုဒ် အေးဂျင့်ဖြစ်တဲ့ ဂရင်းဝုဒ် ဖခင်ဖြစ်သူနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သတင်းထွက်လာခဲ့ပါတယ်။

ပေါ်တူဂီ သတင်းစာမှာ ဖော်ပြထားတာက ဘင်ဖီကာရဲ့ အားကစားဒါရိုက်တာနဲ့ ဂရင်းဝုဒ်ဖခင်တို့က စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ တွေ့ဆုံပြီး ဂရင်းဝုဒ် အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သတင်းထွက်နေသလို အီတလီကနေ ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ ဂရင်းဝုဒ်က ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ လက်ခံထားတယ်လို့လည်း သိရပါတယ်။