အဲရစ် တန်ဟက်ကို ထုတ်ရင် အစားထိုးခန့်ဖို့ နည်းပြသစ် တစ်ဦးတည်းကိုပဲ လျာထား ဦးစားပေးလိုက်ပြီ ဖြစ်တဲ့ မန်ယူ

မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ နည်းပြ အဲရစ် တန်ဟက်ကို လာမယ့်ရာသီအတွက် ရာထူးမှာ ဆက်ထားမလား စဉ်းစားနေဆဲ ဖြစ်သလို ဒီရက်ပိုင်းအတွင်း အသိပေးရတော့မှာ ဖြစ်ပါတယ်။

တန်ဟက်ကိုသာ ထုတ်ပယ်ဖြစ်ရင် အစားထိုးမယ့် ဦးစားပေး နည်းပြသစ် တစ်ဦးတည်းကိုလည်း အပြီးအပြတ် ရွေးထားပြီး ဖြစ်တယ်လို့ သတင်း ထွက်နေပါတယ်။

ယူနိုက်တက်ဟာ စိတ်ပျက်စရာ ဘောလုံးရာသီ ပိုင်ဆိုင်ခဲ့ပေမယ့် ရာသီကုန်မှာ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့အပြင် ယူရိုပါလိဂ်ဝင်ခွင့်ရခဲ့တာကြောင့် နည်းပြတန်ဟက်ကို ဆက်ထားမလား ထုတ်ပယ်မလား စိစစ် စဉ်းစားနေပါတယ။်

ယူနိုက်တက်ရဲ့ အဓိက ရှယ်ယာရှင် တစ်ဦးဖြစ်သူ ဆာဂျင်ရက်ကလစ်ဟာ ကလပ်ကို ကွင်းတွင်း ကွင်းပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေပြီဖြစ်ကာ နောက်ထပ်လည်း အပြောင်းအလဲတွေ လုပ်လာဦးမှာပါ။

သတင်းထောက် Miguel Delaney ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ တန်ဟက်နေရာ အစားထိုးဖို့ သောမက်စ် ဖရန့်၊ ဒီဇာဘီ၊ ပိုချက်တီနို၊ သောမက်စ် တူချယ်တို့ကိုလည်း ရွေးချယ်ထားပေမယ့် ဦးစားပေးကတော့ အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်ဖြစ်တယ်လို့ သိရပါတယ်။

နည်းပြဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ မှာ အင်္ဂလန်အသင်းကို ဦးဆောင်ပေးနေတာမို့ တန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ရင်တောင် ယူနိုက်တက်ကို ချက်ခြင်း တာဝန်ယူပေးနိုင်မှာ မဟုတ်ပါဘူး။

ဒီကနေ့ဟာ ရက်ကလစ်နဲ့ INEOS အဖွဲ့တို့ နည်းပြတန်ဟက်ရဲ့ အနာဂတ်ကို ဆုံးဖြတ်မှာဖြစ်ကာ ကာလရှည် ခေါင်းခဲနေရမှုကို အပြီးသတ်ပေးမှာ ဖြစ်ပါတယ်။