ကွင်းပြည့် အားပေးသံတွေ ကြားချင်လို့ နည်းပြလောကထဲ ဝင်လာတာပါလို့ ဂျရတ် ပြောလာ
အက်စတွန်ဗီလာ နည်းပြသစ်ဖြစ်တဲ့ စတီဗင် ဂျရတ်ဟာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ၂ ဂိုး ပြတ်အနိုင်ရရှိပြီးနောက် ပထမဆုံး နိုင်ပွဲအတွက် စိတ်အရမ်းလှုပ်ရှားခဲ့ရတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
ဗီလာအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ (၅) ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဒင်းစမစ်ရဲ့နေရာမှာ ဂျရတ်ကို အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန် နဲ့ပွဲစဉ်ဟာ ဂျရတ်အတွက် ဗီလာ နည်းပြဘ၀ ပထမဆုံးပွဲစဉ်ဖြစ်ခဲ့ပြီး ၂ ဂိုး ပြတ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ စတီဗင်ဂျရတ်က “ ခံစားချက်တွေက ရောနေတယ်ဗျာ ၊ စိတ်တွေလည်း အရမ်းလှုပ်ရှားတယ် ၊ ထွက်ပေါက်တစ်ခုကို တွေ့လိုက်တယ်လို့ ခံစားမိတယ် ၊ ဂုဏ်လည်းယူရပါတယ် ၊
ဘာလို့လဲဆိုတော့ တစ်ချို့ကစားသမားတွေဟာ အသင်းနဲ့အတူ လေ့ကျင့်ချိန် အများကြီး မရခဲ့ဘူးလေ ၊ အဲဒီတော့ အသင်း ရဲ့ ကစားကွက်အတိုင်းဖြစ်အောင် ကစားပေးဖို့ မှာကြားလိုက်ရုံပါပဲ ၊ ဒါပေမဲ့ သူတို့အားလုံး အကောင်းဆုံးကြိုးစားပြီး ကစားပြခဲ့ပါတယ်။

အခုလို ပရိသတ်တွေ အပြည့်နဲ့ အော်ဟစ်အားပေးသံတွေကို ကျွန်တော် အရမ်းသဘောကျမိပါတယ် ဒါကြောင့်လည်း ကစားသမားဘဝက အနားယူသွားခဲ့ပေမယ့် ဒီအသင်းတွေကို ကြားချင်တာကြောင့် နည်းပြဘဝကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။
ကျွန်တော်အတွက်တော့ ဒီလိုအခိုက်အတန့်က အားဆေးတစ်ခုပါပဲ ၊ ကျွန်တော်ဟာ ယှဉ်ပြိုင်ရတာ သဘောကျတဲ့သူတစ်ယောက်ပါ ၊ အမြဲတမ်း အနိုင်ပဲလိုချင်တယ် ၊ ကိုယ့် ကစားသမားတွေ ပျော်နေတာမျိုးကို မြင်ချင်သူပါ၊
သူတို့စိတ်ထဲမှာ ရလဒ်နဲ့ပတ်သက်ပြီး အမြဲတမ်းကျေနပ်စေချင်တယ် ၊ ဒီနေ့ပွဲဆိုရင် ကစားရတာ အတော်လေး အဆင်ပြေတယ် ၊ ပြီးပြည့်စုံတဲ့ အနေအထားမျိုး မဟုတ်ရင်တောင် လက်ခံနားလည်ပေးနိုင်တဲ့ အနေအထားတစ်ခုပါ” လို့ပြောဆိုသွားခဲ့ပါတယ် ။
စတီဗင်ဂျရတ်ဟာ ကစားသမားသက်တမ်းတစ်ခုလုံးနီးပါးက လီဗားပူးလ်အသင်းအတွက်ပဲပေးဆပ်ခဲ့သူဖြစ်ပါတယ်။ လီဗားပူးလ်မှာ (၁၇) နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာ LA ဂလက်စီကိုပြောင်းရွှေ့သွားခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၈ ခုနှစ်မှာ နည်းပြဘဝကို ကူးပြောင်းခဲ့ပြီး ရိန်းဂျားအသင်းနဲ့အတူ အောင်မြင်မှုများစွ ာရယူနိုင်ခဲ့ပါတယ်။ ဂျရတ်ဟာ အက်စတွန်ဗီလာ နည်းပြဘ၀ ဒုတိယမြောက်ပွဲစဉ်အဖြစ် လာမယ်စနေနေ့မှာ ခရစ်စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ် ။