မန်ချက်စတာ ယူနိုက်တက် ရဲ့ တက်လမ်းကို ပိတ်ဖွယ် ရှိတယ် ဆိုရင် တခြားတစ်ခုကိုပဲ စွန့်လွှတ်ဖို့ အသင့်ပြင်ထားတဲ့ ရက်ကလစ်ဖ်

မန်ချက်စတာ ယူနိုက်တက် အသင်း ပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်ဟာ ယူအီးအက်ဖ်အေရဲ့ တင်းကြပ်မှုတွေကြောင့် ယူနိုက်တက် အတွက် လမ်းပိတ်လာကို ရှောင်လွှဲနိုင်ဖို့ ပူးတွဲပိုင်ဆိုင်ထားတဲ့ နိုက်စ်အသင်းကို ရောင်းချဖို့ ပြင်ဆင်လာပါတယ်။

ယူအီးအက်ဖ်ရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းများအရ ပိုင်ရှင်တစ်ယောက်ဟာ အသင်း နှစ်သင်းကို ၃၀ ရာခိုင်နှုန်းအထက် ပိုင်ဆိုင်ပါက အဆိုပါ အသင်း ၂ သင်းစလုံးကို ဥရောပ ပြိုင်ပွဲတစ်ခုထဲ ပူးတွဲဝင်ရောက် ကစားဖို့ ပိတ်ပင်ထားပါတယ်။

ဒါကြောင့်လည်း မန်ယူအသင်းအနေနဲ့ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ပြီး နောက်ရာသီ ယူရိုပါလိဂ် ဝင်ခွင့် ရရှိထားသည့်တိုင် ယူအီးအက်ဖ်အေရဲ့ အတည်ပြု ဆုံးဖြတ်ချက်ကို စောင့်ကြည့်နေပါတယ်။

ယူအီးအက်ဖ်အေ ဟာ မန်ယူအသင်းကို ယူရိုပါလိဂ် ဝင်ရောက်ကစားခွင့် ပိတ်ပင်နိုင်ဖွယ် ရှိနေပြီး ၎င်းတို့ ချမှတ်ထားတဲ့ စည်းမျဉ်းများအရ မန်ယူအသင်းက ယူရိုပါလိဂ် ပါဝင်ကစားခွင့်ရဖို့ အဆင်မပြေမှုတွေ ရှိနေပါတယ်။

ဒါပေမယ့် ဆာဂျင်ရက်ကလစ်ဖ်တု့ိအဖွဲ့ဟာ မန်ယူအသင်းရဲ့ ရှယ်ယာ ၂၇ ရာခိုင်နှုန်းသာ ဝယ်ယူထားတာကြောင့် ယူအီးအက်ဖ်အေရဲ့ စွပ်စွဲချက်တွေကို ရှောင်လွှဲနိုင်စရာ ရှိနေပေမယ့် အဆိုပါ စာချုပ်ရဲ့ နောက်ကွယ်က အမှန်တရားတွေ ထွက်ပေါ်လာခဲ့ပါက မန်ယူအသင်းအနေနဲ့ ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်ချမှတ်ခြင်း ခံလာရနိုင်ပါတယ်။

ရေရှည်မှာ အသင်း နှစ်သင်း ပူးတွဲ ပိုင်ဆိုင်မှုဟာ ယူနိုက်တက်ရဲ့ တက်လမ်းတွေကို ပိတ်လာဖွယ် ရှိတာကြောင့် ရက်ကလစ်ဖ် ကတော့ နိုက်စ်အသင်း စွန့်လွှတ် ရောင်းချချင်နေပြီလည်း ဖြစ်ပါတယ်။