မန်ယူ မသွားဘဲ မန်စီးတီးကို ရွေးအောင် နိုင်ငံအသင်းမှာ ဂျာအို နီဗက်စ်ကို ဆွဲဆောင် စည်းရုံးနေသူ
မန်စီးတီး ကွင်းလယ် ကစားသမား ဘာနာဒို ဆေးဗား ကတော့ မန်ယူ ပစ်မှတ်ထားနေတဲ့ သူရဲ့ ပေါ်တူဂီအသင်းဖော် ကို မြို့ခံပြိုင်ဘက် ယူနိုက်တက်ထံ မပြောင်းဘဲ သူနဲ့အတူ မန်စီးတီးမှာ လာ ကစားဖို့ စည်းရုံးနေပါတယ်။
ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီသား ကွင်းလယ် ကစားသမား ဂျာအို နီဗက်စ်ကို မန်ယူနဲ့စီးတီးတို့ ၂ သင်းလုံးက အလို ရှိနေတာပါ။

ဆယ်ကျော်သက် ကွင်းလယ်လူ အတွက် မန်ချက်စတာ နှစ်သင်းဟာ ပေါင် ၅၁ သန်း ဝန်းကျင်တွေ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံရကြောင်းလည်း သတင်းထွက်ထားပါတယ်။
ဘာနာဒိုက ” နီဗက်စ်ကို လိုချင်တဲ့ ကလပ်တွေ အများကြီးပါ။ ပေါ်တူဂီသားအဖြစ်ကော ကစားသမား တစ်ယောက်အဖြစ်ပါ ကျနော် သူ့ကို သဘောကျပြီး ဘေးနား ခေါ်ထားလိုပါတယ်။ သူ့အနာဂတ်ကို အကောင်းဆုံး ဖြစ်စေချင်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
မနှစ်ကရာသီ ပရီးမီးယားလိဂ် အဆင့် ၈ နေရာမှာပဲ ရှိနေတဲ့ ယူနိုက်တက်ဟာ ကာဆီမီရို နေရာ ရေရှည် အစားထိုးဖို့ နီဗက်စ် ကို ချိန်ရွယ်ထားတာပါ။
ဘင်ဖီကာ ကတော့ ဥရောပရဲ့ အတောက်ပဆုံး လူငယ်တစ်ဦး ဖြစ်လာနိုင်တဲ့ နီဗက်စ်ရဲ့ စာချုပ်မှာတော့ ပြောင်းရွှေ့ကြေး ပေါင် ၁ဝ၅ သန်းလို့ ထည့်သွင်းထားပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲ အပြီးမှာတော့ နီဗက်စ် အပြောင်းအရွှေ့ ကိစ္စ လှုပ်ခတ်လာဖို့ ရှိနေပြီး ဘင်ဖီကာ က ပေါင် ၈၅ သန်း ဝန်းကျင် ကမ်းလှမ်းမှု ဆိုရင် လက်ခံဖွယ် ရှိနေပါတယ်။