Ten Hag STAY! မန်ယူ ဘုတ်အဖွဲ့ ဆုံးဖြတ်ချက်ကတော့ ထွက်လာပါပြီ
မန်ချက်စတာယူနိုက်တက် ဟာ နည်းပြ အဲရစ်တန်ဟက် ကိုပဲ လာမယ့် ရာသီ ဆက်လက် ကိုင်တွယ်ဖို့ ထားတော့မယ် လို့ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ပါတယ်။
ယူနိုက်တက် ပူးတွဲ ပိုင်ရှင် ‘ဆာ’ဂျင်မ်ရက်ကလစ်ဖ် နဲ့ အဖွဲ့ဟာ တန်ဟက်ကို ထုတ်ပယ်ချင်ခဲ့ပြီး တစ်ရာသီ စာ Season Review ပြုလုပ်ခဲ့သလို အခြား နည်းပြလောင်းများကိုလည်း ချိတ်ဆက် ဆွေးနွေးခဲ့ပါတယ်။

ယူနိုက်တက်ဘုတ်အဖွဲ့ဟာ ၂၀၂၃-၂၄ ရာသီအား ဆန်းစစ်သုံးသပ်မှု ပြုလုပ်ပြီးနောက် အဲရစ်တန်ဟက်ကို နည်းပြအဖြစ် ဆက်လက် ခန့်အပ်ရန် ဆုံးဖြတ်လာခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့တဲ့ အဲရစ်တန်ဟက်အား စာချုပ်သက်တမ်းတိုးချုပ်ဆိုရန်ပါ စီစဉ်နေပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဘုတ်အဖွဲ့ဟာ အက်ဖ်အေဖလားချန်ပီယံဖြစ်ပြီးနောက် ၂၀၂၃-၂၄ ရာသီအား ချက်ချင်းဆန်းစစ်သုံးသပ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲရစ်တန်ဟက်လက်ထက် အသင်းရဲ့ တိုးတက်မှုများကို မြင်တွေ့ရကာ ဆက်လက်ခန့်အပ်ရေး ဆုံးဖြတ်လာတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက FA ဖလား ချန်ပီယံဖြစ်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရခဲ့ပေမဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအဖြစ် အဆင့် ၈ နေရာသာ ရပ်တည်နိုင်သလို လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လည်း လွဲချော်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟက်ကို နည်းပြရာထူးက ထုတ်ပယ်ဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေဟာ FA ဖလားဗိုလ်လုပွဲမတိုင်ခင်ကတည်းက ထွက်ပေါ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာသာ အဲရစ်တန်ဟက် ကို ဆက်ခန့်တော့မယ် ဆုံးဖြတ်လိုက်တာပါ။
တန်ဟက်ကလည်း အချိန်ဆွဲခဲ့တဲ့ ယူနိုက်တက်ဘုတ်အဖွဲ့ကို မကျေမနပ်ဖြစ်နေပြီး ဆုံးဖြတ်ချက်တစ်ခု မြန်မြန်ဆန်ဆန် မချဘဲ အချိန်ဆွဲနေဦးမယ်ဆိုရင် အပြောင်းအရွှေ့ဈေးကွင်းအတွင်း ပြိုင်ဘက်တွေရဲ့နောက်မှာ သူတို့အသင်းကျန်ခဲ့မှာကို အဲရစ်တန်ဟက် စိုးရိမ်နေခဲ့တယ်လို့ The Telegraph က ဖော်ပြခဲ့ပါတယ်။
အဲရစ်တန်ဟက်ကတော့ ယူနိုက်တက်အသင်းကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဦးဆောင်နိုင်သူအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက အင်တာဗျူးမှာ မီဒီယာတွေက ယူနိုက်တက်အသင်းအတွက် ရွှေရောင်နေ့ရက်တွေ ပြန်လည်ယူဆောင်ပေးနိုင်မဲ့ နည်းပြအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားလားဆိုပြီး မေးမြန်းခဲ့တော့ အဲရစ်တန်ဟက်က “လုံးဝသေချာတာပေ့ါ။ အသင်းအတွက် သင့်တော်တဲ့ကစားသမားတွေသာ ခေါ်ယူခွင့်ရမယ်ဆိုရင် ကျွန်တော်တို့အသင်းဟာ ကစားသမားအင်အားတောင့်တင်းသွားမှာပါ .”
“ခံစစ်မှာ အဓိက,ကစားသမားတွေ ဒဏ်ရာကြောင့် ကာလရှည် ဆုံးရှုံးခဲ့ရသလို တခြား ပြဿနာတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ပူ ကျွန်တော်ကတော့ ရှေ့ဆက်တိုက်ပွဲဝင်သွားမှာပါ”လို့ ဖြေကြားခဲ့ပါတယ်။