အသင်းခေါင်းဆောင် ဖြစ်လာမယ့် ရော်နယ်ဒို၊ နည်းပြသစ် ရှာဖွေတဲ့ အခြေအနေနဲ့ ယနေ့ မန်ယူသတင်းများ
မန်ချက်စတာ ယူနိုက်တက်ဟာ ခရစ္စတီယာနို ရော်နယ်ဒိုကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ဖို့ စီစဉ်နေပြီး လက်ရှိ အသင်းခေါင်းဆောင် မက်ဂွဲရားကို ဒုတိယ နေရာ ပြောင်းလဲလိုက်ဖို့ ရှိနေပါတယ်။
ဇီဒန်းကတော့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ရာထူးကို ငြင်းဆန်လိုက်ပြီ ဖြစ်ပြီး တကယ်လို့ ယူနိုက်တက်ကသာ ပိုချက်တီနို ကို ခေါ်ယူမယ်ဆိုရင် ဇီဒန်းက ပီအက်စ်ဂျီကို ကိုင်တွယ်ဖွယ် ရှိပါတယ်။
မန်ယူ ဂန္ထဝင်ဟောင်းရွန်နီးကတော့ နည်းပြဆိုးလ်ရှားအနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံရခြင်းအတွက် ကစားသမားတွေ ကို ဒေါသထွက်နေပြီး ဝက်ဖို့ဒ်နဲ့ပွဲက မန်ယူ ကစားသမားတွေရဲ့ပုံစံဟာ အလွန် စိတ်ပျက်စရာ ကောင်းကြောင်း၊ ကစားသမားတွေက နည်းပြအပေါ် ပေးဆပ်လိုခြင်းမရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်ရဲ့ အိုင်ကွန် ယူနိုက်တက် ဂန္တဝင်ကြီး ဆာအဲလက်စ် ဖာဂူဆန်က ပိုချက်တီနို ကို နည်းပြသစ် ဖြစ်လာစေလိုနေပါတယ်။ ဇီဒန်းကို ယူနိုက်တက်က အဓိက ကြိုးစားနေပေမယ့် ဆာအဲလက်စ်က ပိုချက်တီနိုကို ခန့်နိုင်ဖို့ ဦးဆောင် ကြိုးစားနေကြောင်း သိရပါတယ်။
အိုလေ ဂန်နာဆိုးရှားဟာ အသင်းနဲ့ လမ်းမခွဲခင် သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေကို အပြောင်းအလဲ လုပ်ဖို့ အခွင့်အရေး ပေးခဲ့သေးပေမယ့် နော်ဝေသားက ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။
ဂယ်ရီ နဗီးလ်ကတော့ ဆိုးရှား ထုတ်ပယ်ခံရအောင် ရှုံးချက်နာသွားတဲ့ ဝက်ဖို့ဒ်ပွဲက ယူနိုက်တက် အသင်းသား တချို့ရဲ့ ခြေစွမ်းကို ဝေဖန်လိုက်ပြီး ဒီလို ကစားသမားတွေနဲ့ နိုင်ပွဲရအောင် ဆိုးရှားက ဘယ်လို ကိုင်တွယ်နိုင်မလဲ လို့ မေးခွန်း ထုတ်သွားခဲ့ပါတယ်။
မန်ယူ အနေနဲ့ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ပရီးမီယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့ နောက်ထပ် နှစ်ကြာကြာ ထပ်စောင့်ရတော့မှာဖြစ်ကြောင်း လီဗာပူး ကစားသမားဟောင်း ရက်နက်က သတိပေးလိုက်ပါတယ်။ မန်ယူအနေနဲ့ ဆုဖလားတွေနဲ့ ယဉ်ပါးနေတဲ့နည်းပြမျိုးကို ရှာဖွေသင့်ကြောင်း ၎င်းက တိုက်တွန်းခဲ့ပါတယ်။

အေဂျက် နည်းပြ တန်ဟက်ကတော့ ယူနိုက်တက်ရဲ့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် လက်ရှိကလပ်အတွက်သာ အာရုံစိုက် အလုပ်လုပ်မှာ ဖြစ်ကြောင်း ပြောဆိုကာ ငြင်းပယ်လိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်အနေနဲ့ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ခဲ့မှုအတွက် လျော်ကြေး ပေါင် ၇.၅ သန်းပေးချေရမှာ ဖြစ်ပါတယ်။ ၄၈ နှစ်အရွယ်ရှိ နည်းပြဟာ ၂၀၂၄ ခုနှစ်အထိ မန်ယူနဲ့စာချုပ်သက်တမ်း ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတ်ယ။
ဘရန်ဒန် ရော်ဂျာက လက်စတာစီးတီး ကစားသမားတွေကို ခေါ်ယူပြီး အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ချိတ်ဆက်မှုနဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။