မန်ချက်စတာ ယူနိုက်တက်က အင်တင်တင်နဲ့ နည်းပြတန်ဟက်ကို ဆက်ခန့်ခဲ့တဲ့ အပေါ် ဂယ်ရီနဗီးရဲ့ အမြင်

မန်ချက်စတာ ယူနိုက်တက် ဟ ဘောလုံးရာသီ ပြီးဆုံးချိန်မှာ နည်းပြသစ် ခန့်အပ်ဖို့ နည်းပြတချို့နဲ့ ချိတ်ဆက်မှု၊ ဆွေးနွေးမှုတွေ ရှိခဲ့သလို တန်ဟက်ကို ဆက် ခန့်မလား ဆိုတာ အတွက်လည်း ဘုတ်အဖွဲ့တွင်း သီတင်းပတ် အနည်းငယ် ကြာ ပြန်လည် သုံးသပ် ဆွေးနွေးမှု လုပ်ခဲ့ပါတယ်။

အဆုံးမှာတော့ မန်ယူက နည်းပြ တန်ဟက်ကို ဆက်လက် ခန့်ထားပြီး နောက်ထပ် ၂နှစ် သက်တမ်းတိုးဖို့ကိုလည်း ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

သရဲနီဟောင်းကြီး ဂယ်ရီ နဗီးလ်ကတော့ တန်ဟက်ကို အသင်းက ဆက်ခန့်ပေမယ့် ပြီးခဲ့တဲ့ရာသီက လုံလောက် ကောင်းမွန်မှု မရှိတာကို တန်ဟက် သဘောပေါက် ထားရမှာ ဖြစ်ပြီး အသင်းက အချိန်ယူ စဉ်းစားခဲ့တာကိုလည်း မကျေမနပ် စောဒက တက်စရာလည်း မရှိသင့်ကြောင်း သုံးသပ် သွားပါတယ်။

” ဘောလုံးရာသီ ပြီးချိန်မှာ မန်ချက်စတာ ယူနိုက်တက်က အဲရစ်တန်ဟက်ကို ဆက်ခန့်၊ မခန့် ပြန် Review လုပ်တာ အချိန် နှစ်ပတ် ကြာခဲ့တယ် ဆိုတာ တကယ်တော့ ရက်စက်ရာ မကျပါဘူး။

တန်ဟက် အနေနဲ့ အသင်းက ဂိုးပြတ် ရှုံးပွဲကြီးတွေ ကြုံခဲ့တာ၊ အသင်း ဖွဲ့စည်းပုံ ကမောက်ကမ ဖြစ်ခဲ့တာတွေကို ပြန်မြင်မယ် ဆိုရင် ပြီးခဲ့တဲ့ ရာသီ သူ လုပ်ဆောင်ခဲ့တာက လုံလောက် ကောင်းမွန်မှု မရှိခဲ့ဘူး ဆိုတာ လက်ခံရမှာပဲ။

တကယ်လို့သာ အက်ဖ်အေဖလား ဖိုင်နယ်မှာ ရှုံးခဲ့တယ် ဆိုရင် တန်ဟက်က ခုလောက်ဆို ရာထူးက ပြုတ်နေလောက်ပြီ။ ဘယ်သူကမှလည်း အဲဒီပွဲမှာ ယူနိုက်တက် ကောင်းကောင်း လုပ်နိုင်မယ်တောင် မထင်ခဲ့ကြဘူးလေ။

အဲရစ်တန်ဟက် အနေနဲ့ အသင်းက နည်းပြသစ်တွေ ရှာဖွေကြည့်တာ၊ ဆွေးနွေးကြည့်နေတာကို ဘာမှလည်း စောဒက တက်နိုင်မယ်တော့ ကျွန်တော် မထင်ပါဘူး။ ယူနိုက်တက်ကို အဆင့် ၈ ပဲ ရအောင် လုပ်တဲ့ မန်နေဂျာ တစ်ယောက် က သူ့ အနာဂတ် မရေရာဘူး ဆိုတာ သိပါလိမ့်မယ်။ ” လို့ ဂယ်ရီ နဗီးလ် က ပွင့်ပွင့်လင်းလင်းပဲ သုံးသပ်သွားခဲ့ပါတယ်။