ထူးထူးခြားခြား တိုက်ဆိုင်မှုတွေကြောင့် တန်ဟက်က ဆာအဲလက်စ် လို ရွှေခေတ် ဖြစ်အောင် လုပ်ပြနိုင်မယ်လို့ မန်ယူ ပရိသတ်တွေ မျှော်လင့်လာကြ
မန်ချက်စတာယူနိုက်တက် ရဲ့ လက်ရှိ နည်းပြ အဲရစ်တန်ဟက်ဟာ ဂန္ထဝင်ကြီး ဆာ အဲလက်စ် ဖာဂူဆန်လိုပဲ အသင်းအတွက် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရယူပေးနိုင်မဲ့သူ ဖြစ်လာမယ်လို့ သရဲနီ ပရိသတ်အချို့ က ယုံကြည်နေကြပြီဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် ဆုဖလားပေါင်း ၃၈ ခုအထိ ရယူနိုင်ခဲ့သူ ဖာဂူဆန်ဟာ ယူနိုက်တက် နည်းပြဘဝအစပိုင်းမှာ ရလဒ်ဆိုးတွေနဲ့ရုန်းကန်ခဲ့ရသလို ရာထူးက အထုတ်ခံရဖို့အထိ နီးစပ်ခဲ့ပေမဲ့ ၁၉၉၀ ခုနှစ်မှာ FA ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့တာကြောင့် နည်းပြအဖြစ် ဆက်လက်ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။

အခု အဲရစ်တန်ဟက်ကလည်း ပြီးခဲ့တဲ့ရာသီမှာ စိတ်ပျက်စရာ ရလဒ်ဆိုးတွေ ပိုင်ဆိုင်ခဲ့တဲ့အတွက် အသင်းနဲ့လမ်းခွဲရဖို့ အခြေအနေဖြစ်ခဲ့ပေမဲ့ FA ဖလား ရယူနိုင်ခဲ့လို့သာ ယူနိုက်တက်နည်းပြထိုင်ခုံပေါ်မှာ ဆက် ထိုင်ခွင့်ရသွားတာဖြစ်ပါတယ်။ ဖာဂူဆန်နဲ့ အဲရစ်တန်ဟက်တို့ကြားက ထူးခြားတဲ့တိုက်ဆိုင်မှုက ဒီတစ်ခုတည်း မဟုတ်ပါဘူး။
ယူနိုက်တက်အသင်းဟာ ဖေဖော်ဝါရီ ၂၈ ရက်တုန်းက နော်တင်ဟမ်ဖော်ရက်စ်နဲ့ FA ဖလား ပဉ္စမအဆင့်အဝေးကွင်းပွဲမှာ ၁-၀ ဂိုးနဲ့အနိုင်ရခဲ့သလို ဖာဂူဆန်လက်ထက် ၁၉၉၀ တုန်းကလည်း FA ဖလားတတိယအဆင့်မှာ နော်တင်ဟမ်ဖော်ရက်စ်ကို အဝေးကွင်းမှာပဲ ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
အဲဒီ နှစ်ပွဲစလုံးမှာ ယူနိုက်တက်အသင်းက အင်္ကျီအဖြူရောင်၊ ကော်လာအနီဝတ်ဆင်ခဲ့သလို အံ့အားသင့်စရာကောင်းတာက နှစ်ကြိမ်စလုံးမှာ ဂျာစီစပွန်ဆာကုမ္ပဏီက Adidas ဖြစ်ခဲ့တာပါပဲ။ ၁၉၉၀ ပွဲတုန်းက မာ့ခ်ရိုဘင်စ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ နော်တင်ဟမ်ဖော်ရက်စ်ကို အနိုင်ရခဲ့သလို အခုပွဲမှာလည်း ကတ်စ်မဲရိုးက ခေါင်းတိုက်ပြီးတော့ အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။
နောက်ထပ်ထူးခြားတဲ့ တိုက်ဆိုင်မှုက ၁၉၉၀ FA ဖလားဆီမီးဖိုင်နယ်မှာ ယူနိုက်တက်အသင်းဟာ အိုးလ်ဟမ်းနဲ့ မိနစ် ၁၂၀ ပြည့်တဲ့အထိ ၃-၃ ဂိုးစီ သရေကျပြီး Replay ပြန်ကစားတဲ့ပွဲမှ ၂-၁ ဂိုးရလဒ်နဲ့ ဗိုလ်လုပွဲတက်ခဲ့သလို အခုနှစ်မှာလည်း ယူနိုက်တက်အသင်းက ကိုဗင်ထရီနဲ့ မိနစ် ၁၂၀ အတွင်း ၃-၃ ဂိုးစီ သရေ၊ ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တာပဲဖြစ်ပါတယ်။
ဒီလို ထူးခြားတဲ့တိုက်ဆိုင်မှုတွေကြောင့် ယူနိုက်တက်ပရိသတ်တွေက အဲရစ်တန်ဟက်ဟာ ဖာဂူဆန်လိုပဲ အသင်းအတွက် အောင်မြင်မှုတွေရယူနိုင်ပေးမဲ့ နည်းပြလို့ ယုံကြည်နေကြပါတယ်။
အဲရစ်တန်ဟက်ဟာ ယူနိုက်တက်နည်းပြအဖြစ် ဆက်ရှိနေမှာဖြစ်ပေမဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေမှာတော့ အရင်လို လုပ်ပိုင်ခွင့်အပြည့်အဝရမှာ မဟုတ်ဘဲ ဆာ ဂျင် ရက်ကလစ်ဖ်ရဲ့ စည်းမျဉ်းအတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ပြီး အဲဒီအချက်ကို အဲရစ်တန်ဟက်ကလည်း သဘောတူညီခဲ့တယ်လို့ သိရပါတယ်။