Breaking News: ဘရန့်ဝိတ်ထ်ကို ခေါ်ဖို့ မန်ချက်စတာ ယူနိုက်တက် သဘောတူညီမှု ရသွားပါပြီ
မန်ချက်စတာ ယူနိုက်တက်က အဲဗာတန် ကြယ်ပွင့် လူငယ်ခံစစ်မှူး ဘရန့်ဝိတ်ထ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သတင်းထွက်ပေါ်လာပါတယ်။
မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ ဝါရင့် ဗဟိုခံစစ်မှူး ဗာရန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးထားသလို အခြား ဗဟိုခံစစ်မှူးတွေ ဖြစ်ကြတဲ့ အီဗန်စ်၊ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ရဲ့ အနာဂတ်တို့ကလည်း မရေရာတာကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာ အနည်းဆုံး ဗဟိုခံစစ်မှူး ၂ဦး ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန်လက်ရွေးစင် လူငယ်ဗဟိုခံစစ်မှူး ဘရန့်ဝိတ်ထ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဲဗာတန်ရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းပြ ကစားခဲ့သူ ဖြစ်ပြီး ဘရန့်ဝိတ်ထ်ဟာ အဲဗာတန် အတွက် ပြိုင်ပွဲစုံမှာ ၅၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူပေးထားနိုင်ပါတယ်။
ဘယ်ခြေအားသန် ဗဟိုခံစစ်မှူး ဘရန့်ဝိတ်ထ်က အရပ်အမောင်း မြင့်မားကာ လျင်မြန်တဲ့ ခံစစ်မှူး ဖြစ်ပြီး သူက ဘောလုံးကိုင် ကစားရာမှာ ထူးချွန်သလို ပြိုင်ဘက် တိုက်စစ်မှူးတွေကို လူကပ်ကစားရာမှာလည်း အတော်လေး ကောင်းတာကြောင့် အနာဂတ်မှာ ထိပ်တန်း ဗဟိုခံစစ်မှူး ဖြစ်လာမယ့် အလားအလာတွေကို ပိုင်ဆိုင်ထားပါတယ်။
အင်္ဂလန်သတင်းတွေ အဆို အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ ဘရန့်ဝိတ်ထ်ရဲ့ ကိုယ်စားလှယ်တွေက အပြောင်းအရွှေ့ အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ဘရန့်ဝိတ်ထ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ တပတ် လုပ်ခလစာ ပေါင် ၁သိန်းခွဲ ဝန်းကျင် ရမယ်လို့ သိရှိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်က ဘရန့်ဝိတ်ထ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် ဘရန့်ဝိတ်ထ်ရဲ့ ပြောင်းရွှေ့ကြေး အတွက် အဲဗာတန်နဲ့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်ရဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်ဟာ ဘရန့်ဝိတ်ထ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်းနဲ့ ၆၀သန်းကြား ပမာဏ တရပ် သုံးစွဲရနိုင်ပါတယ်။