မန်ယူမှာ နလန်မထူနိုင်ခဲ့တဲ့ ဟွိုက်လန်းနဲ့ အဲရစ်ဆင်တို့ ယူရိုမှာ ဒိန်းမတ်နဲ့ အတူ လုပ်ပြလိမ့်မယ် ဆိုလာသူ
မန်ချက်စတာယူနိုက်တက်မှာ ပြီးခဲ့တဲ့ ရာသီ ရုန်းကန်ခဲ့ရတဲ့ ဟွိုက်လန်းနဲ့ အဲရစ်ဆင်တို့ဟာ ဒီနွေ ယူရိုပြိုင်ပွဲမှာ နိုင်ငံအသင်း ဒိန်းမတ်နဲ့ တောက်ပ လာလိမ့်မယ် လို့ ဒိန်းမတ် လက်ရွေးစင် လက်ထောက်နည်းပြ မော်တင်ဝီဂ်ဟော့စ်က အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ဝီဂ်ဟော့စ် ဟာ ဒိန်းမတ်လက်ရွေးစင် ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းကို အနီးကပ်ကြည့်ရှုနေရတဲ့ လက်ထောက်နည်းပြဖြစ်နေတာကြောင့် ယူနိုက်တက်မှာ လက်တွဲခဲ့တဲ့ ဟွိုက်လန်းနဲ့ အဲရစ်ဆင်တို့ရဲ့ တွဲဖက်မှုဟာ လာမယ့် ယူရိုမှာ အပြန်အလည်နားလည်မှုတွေနဲ့ အကျိုးကျေးဇူးရှိလာမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဂျာမနီသို့ မထွက်ခွာခင်ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဒိန်းမတ် လက်ရွေးစင် လက်ထောက်နည်းပြ ဝီဂ်ဟော့စ် က ခုလို ပြောဆိုခဲ့တာပါ။
“ကစားသမားတွေဟာ သူတို့ရဲ့ကလပ်တွေမှာ တွဲဖက်ခဲ့ရတဲ့အတွေ့အကြုံတွေကို ဒီပြိုင်ပွဲမှာအသုံးချနိုင်ဖို့ကြိုးစားနေပြီး အထူးသဖြင့် အဲရစ်ဆင်နဲ့ ဟွိုက်လန်းတို့ဟာ နားလည်မှုတွေတည်ဆောက်ထားနိုင်တာကြောင့် အသင်းအတွက်အများကြီး အကျိုးရှိစေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
အဲရစ်ဆင်ဟာ ဒီပြိုင်ပွဲမှာ အဓိကကျတဲ့ ကစားသမားဖြစ်လာမယ့်အကြောင်းကို “အဲရစ်ဆင်က အံ့မခန်းကစားသမားတစ်ဦးဖြစ်ပြီး အတွေ့အကြုံတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့ ရှုံးထွက်အဆင့်တွေကို တက်လှမ်းဖို့ဆိုရင် ဒီလိုကစားသမားတွေရဲ့ အတွေ့အကြုံတွေအများကြီးလိုအပ်ပါတယ်” လို့လည်း ဆက်လက် ပြောကြားခဲ့ပါတယ်။
ဒိန်းမတ်ဟာ အုပ်စုအတွင်း အင်္ဂလန်၊ ဆလိုဗေးနီးယား၊ ဆာဘီးယားတို့နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာတော့ ပထမဆုံးပွဲစဉ်အဖြစ် စလိုဗေးနီးယားနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ၁၉၉၀ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။
သို့သော်လည်း ဝီဂ်ဟော့စ်ကတော့ ကလပ်မှုအောင်မြင်မှုကြီးကြီးမားမား မရခဲ့တာက ပြဿနာမဟုတ်ဘဲ ကစားသမားတွေ အတူတူလေ့ကျင့်ရေးဆင်းခဲ့ကြတဲ့ အချိန်တွေကသာ အရေးကြီးတယ်လို့ ရှုမြင်ထားပါတယ်။