ဘရန့်ဝိတ်ကို ခေါ်ယူရေး ကစားသမားက ပါနေပေမယ့် အဲဗာတန်က ဈေးကိုင်နေလို့ မန်ယူ အခက်တွေ့နေပါတယ်

မန်ချက်စတာ ယူနိုက်တက် ဟာ အဲဗာတန် ရဲ့ အင်္ဂလန် ခံစစ်ကစားသမားလေး ဂျာရတ် ဘရန့်ဝိတ် အပြောင်းအရွှေ့ အတွက် ကစားသမားနဲ့ သဘောတူညီမှု ရရှိထားခဲ့ပေမယ့်လည်း အဲဗာတန်နဲ့ပါ ဆက်လက် သဘောတူညီမှု ရရှိဖို့တော့ ခက်ခဲနိုင်တယ်လို့ သိရပါတယ်။

ဒီတလောမှာတော့ ယူနိုက်တက်ဟာ ဘရန့်ဝိတ် နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားကြောင်း သတင်းတွေ ခိုင်ခိုင်မာမာ ထွက်ပေါ်ထားတာပါ။ ဒါပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ကတော အဲဗာတန်က အကြပ်ကိုင်ဖွယ် ရှိနေပါတယ်။

အဲဗာတန်ဘက်က အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးအတွက် အနည်းဆုံး ပေါင် သန်း ၇၀ လောက်ထိ ရလိုနေခြင်းဖြစ်ကာ ထပ်ဆောင်းကြေးတွေနဲ့ဆိုရင် ပေါင် သန်း ၈၀ လောက်ထိ ရရှိချင်နေပါတယ်။

အဆိုပါ ပြောင်းရွှေ့ကြေးမျိုးဆိုရင် ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ ပလန်တွေမှာ ရေရှည်အတွက် ရည်ရွယ်ပြီး ကန့်သတ်ချက်တွေ လုပ်ဆောင်လာတဲ့ ဆာဂျင်ရက်ကလစ်တို့က ဘရန့်ဝိတ် ကို ခေါ်ယူမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဇွန်လ ၃၀ ရက်နေ့ မတိုင်ခင် ပရီးမီးယားလိဂ် ဘဏ္ဍာရေး စည်းမျဉ်းအတွင်း ဝင်အောင် အဲဗာတန်တို့ ထိန်းညှိဖို့ လိုအပ်ခြင်းက ယူနိုက်တက် အတွက် အားသာချက်တစ်ခု ဖြစ်ပါတယ်။

ယူနိုက်တက် ဘက်က ပါးပါးနပ်နပ် စကားပြောနိုင်ရင် အဲဗာတန်တို့ ပြောင်းရွှေ့ကြေး ချပေးရဖွယ်ရှိပြီး အဲဗာတန် က ဆက်လက် တင်းခံရင်တော့ အခြားသော ပစ်မှတ်ထံ ပြောင်းရွှေ့ရဖွယ် ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ ဗဟိုခံစစ်မှူးသစ် ခေါ်ယူနိုင်ဖို့ ရည်မှန်းလာနေပြီး လူငယ် ခံစစ်မှူးများစွာ ချိန်ရွယ်နေပါတယ်။

ဘိုင်ယန်မြူးနစ်မှ ဒီလစ်၊ လိုင်လီအသင်းမှ ယိုရိုအပြင် အဲဗာတန်အသင်းမှ ဘရိတ်ဝိတ်တို့ဟာ ဒီနွေမှာ ခံစစ်ပိုင်း အားဖြည့်ဖို့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်း စိတ်ဝင်စားထားသူတွေပါ။