ကွင်းလယ်မှာ မိန်းနူးနဲ့ တွဲကစားစေဖို့ ဘိုင်ယန် ကြယ်ပွင့်ကို မျက်စိကျ ခေါ်ယူချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရဲ့ အနာဂတ်ကြယ်ပွင့် ကော်ဘီ မိန်းနူးနဲ့ တွဲကစားနိုင်မယ့် တွဲဖက်မယ့် ကစားသမားအဖြစ် ဘိုင်ယန်မြူးနစ် ကွင်းလယ်ကြယ်ပွင့် လီယွန် ဂိုရက်စ်ကာကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ကွင်းလယ်မှာ မိန်းနူးနဲ့ တွဲပေးဖို့ ငယ်ရွယ်တဲ့ လူငယ် ကွင်းလယ် ကစားသမားကို ရှာဖွေနေတာ ဖြစ်ပေမယ့်လည်း ဂျာမနီလက်ရွေးစင်ကွင်းလယ်လူရဲ့ အတွေ့အကြုံရင့်ကျက်မှုကို မျက်စိကျလာတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဒီနွေရာသီမှာ လီယွန် ဂိုရက်စ်ကာကို ယူရိုသန်း ၄၀ ရရင် ထွက်ခွာခွင့်ပေးသွားချင်တယ်လို့ သိရပြီး ဘွန်ဒက်စ်လီဂါ ဘီလူးကြီးဟာ ဗင်းဆင့် ကွန်ပနီလက်အောက်မှာ အသင်းကို အသစ်ပြန်လည်တည်ဆောက်သွားချင်နေတာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂိုရက်စ်ကာဟာ ဒီနွေရာသီမှာ အဲလီးယန့်ဇ်အရီနာကို နှုတ်ဆက်ရမယ့် နာမည်ကြီးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဟာ ဒီလိုက်တ်၊ ကင်းမစ်ချ်၊ ကိုးမန်း၊ ဂနာဘရီ၊ မက်ဇရာဝီတို့အတွက် ကမ်းလှမ်းမှုတွေကိုလည်း နားထောင်သွားမယ်လို့ သိရပါတယ်။

နေရာစုံကစားနိုင်တဲ့ ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ်အတွက် ၄၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့သူပါ။

ဒီနွေရာသီမှာ ဂျာမနီအသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း ဂိုရက်စ်ကာ တစ်ယောက် ဘယ်လောက် တောက်ပဦးမလဲ ဆိုတာ မန်ချက်စတာယူနိုက်တက် က သေချာစောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။