မန်ယူ၊ စီးတီး၊ အာဆင်နယ်နဲ့ ဘိုင်ယန်တို့ အပြိုင်ချိတ်နေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့်လေး
မန်ချက်စတာ ယူနိုက်တက်၊ မန်စီးတီး၊ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ဟာ နယ်သာလန်သား ကွင်းလယ် တိုက်စစ်သမား ဇာဗီ ဆိုင်မွန်စ် ခေါ်ယူဖို့ အတွက် ဆက်သွယ်မှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရာသီက လိုက်ဇစ်မှာ အငှားထွက် ကစားခဲ့တဲ့ ဇာဗီ ဆိုင်မွန်စ် ကို ပီအက်စ်ဂျီ အသင်းဟာ ဒီနွေရာသီမှာ အပြီးသတ် ရောင်းချဖို့ ဆန္ဒ မရှိပါဘူး။

အကြောင်းအရင်းကတော့ ၂၀၂၅ ဇန်နဝါရီ မတိုင်ခင် ရောင်းပါက ပြောင်းရွှေ့ကြေး ရဲ့ ပမာဏ အတော်များများကို ပီအက်စ်ဗွီ အသင်းထံ ခွဲပေးရမှာကြောင့်ပါ။
ဒါကြောင့် ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီ အသင်းက ဒီနွေမှာလည်း ဇာဗီ ဆိုင်မွန်စ် ကို အငှားထပ်ချဖို့ ရှိပြီး ၊ မနှစ်က အငှားထွက်ကစားခဲ့တဲ့ လိုက်ပ်ဇစ် အသင်းကိုပဲ ပြန်ရောက် သွားနိုင်ချေလည်း ရှိပါတယ်။
ဇာဗီ ဆိုင်မွန်စ် အနေနဲ့ ဒီ သုံးနှစ်အတွင်း နိုင်ငံ သုံးနိုင်ငံမှာ ကစားခဲ့ရပြီး ဖြစ်တာကြောင့် နောက်ထပ် နေရာသစ်ကို သွားဖို့ထက် ဘွန်ဒက်စ်လီဂါ မှာပဲ ဆက်ကစားဖို့ ပိုမို စိတ်အားထက်သန်နေပါတယ်။
လတ်တလောမှာတော့ မန်ချက်စတာ ယူနိုက်တက် အပါအဝင် စီးတီး၊ အာဆင်နယ်နဲ့ ဘိုင်ယန်လို ဥရောပ အင်အားကြီး ကလပ်တွေက ဇာဗီ ဆိုင်မွန်စ် ကို ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီလို့ သတင်းထွက်နေပါတယ်။
လက်ရှိ ယှဉ်ပြိုင်နေတဲ့ ယူရို ပြိုင်ပွဲ အပြီးမှာတော့ ဇာဗီ ဆိုင်မွန်စ် ဟာ သူ့ရဲ့ ကလပ် အသင်းသစ် ကို ရွေးချယ် ဆုံးဖြတ် သွားမှာ ဖြစ်ပါတယ်။