ကက်စီမဲရိုး နေရာ အစားထိုးဖို့ ကွက်တိကျမယ့် ပရီးမီးယားလိဂ် ကွင်းလယ်ကြယ်ပွင့် ရှိနေကြောင်း ဖော်ထုတ်လိုက်တဲ့ သရဲနီဟောင်း
မန်ချက်စတာ ယူနိုက်တက်မှာ အနာဂတ် မရေရာတော့တဲ့ဘဲ ထွက်ခွာဖို့ ပြင်နေတဲ့ ဝါရင့် ကွင်းလယ်ခံစစ်ကစားသမားကြီ ကက်စီမဲရိုးနေရာမှာ အစားထိုးဖို့အတွက် ဖူလ်ဟမ်မှ ပါလင်ညာက အသင့်တော်ဆုံး ကစားသမားပဲလို့ ပေါလ်အင့်က ထောက်ပြ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
အသက် (၃၂)နှစ်အရွယ် ရာဇီးလ် ဝါရင့် ကွင်းလယ်လူကြီး ကက်စီမဲရိုးဟာ ပြီးခဲ့တဲ့ရာသီ ယူနိုက်တက်မှာ ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ပါ ရုန်းကန်ခဲ့ရပြီး အသင်းဘက်က အခုနွေဈေးကွက်မှာပဲ ရောင်းချသွားဖို့အထိပါ ပြင်ဆင်နေသလို ကက်စီမဲရိုးကိုလည်း ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေက ခေါ်ယူသွားချင်နေပါတယ်။

ယူနိုက်တက်ကတော့ ကက်စီမဲရိုးနေရာမှာ ရေရှည်အစားထိုးဖို့အတွက် ဘင်ဖီကာ ဆယ်ကျော်သက် ကွင်းလယ်လူ ဂျာအို နေးဗက်စ်ကို ခေါ်ယူသွားချင်နေပေမယ့် ဘင်ဖီကာဘက်က အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း(၁၀၀) + အပိုဆုကြေ က အသုံးစရိတ် သိပ်မရထားတဲ့ ယူနိုက်တက်အတွက် အခက်တွေ့ရဖွယ် ရှိနေပါတယ်။
ဒီလို အခြေအနေမှာ ယူနိုက်တက် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ပေါလ်အင့်က ကက်စီမဲရိုးနေရာအတွက် ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ညာကို ခေါ်ယူသင့်ကြောင်း အကြံပြုလာခဲ့ပါတယ်။
ဖူလ်ဟမ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ဂျာအို ပါလင်ညာက လက်ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်လျက် ရှိနေပြီး ဘိုင်ယန်ဆီ ပြောင်းရွှေ့ဖို့ကိုလည်း ခေါင်းညိတ်ထားသူလည်း ဖြစ်ပါတယ်။
“ဂျာအို ပါလင်ညာက ကက်စီမဲရိုးနေရာကို အစားထိုး ဝင်ရောက်နိုင်မယ်ဆိုတာ လုံးဝ သံသယဝင်စရာ မရှိပါဘူး။ ပြီးခဲ့တဲ့နွေတုန်းက ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့မယ့် သူရဲ့အပြောင်းအရွှေ့က ပျက်သွားခဲ့ပေမယ့်လည်း အခု ဖူလ်ဟမ်က သူ့ကို ဘိုင်ယန်ဆီ ပြန်လည် ရောင်းချမယ့် ကိစ္စအတွက် ပြင်ဆင်နေပြီဆိုတာ ကျွန်တော်တို့ သိထားပါတယ်။”
“ဒါပေမယ့် သူ့ကစားပုံကို သေချာကြည့်လိုက်မယ်ဆိုရင် သူက မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် သင့်တော်တဲ့ ကစားသမားတစ်ဦး ဖြစ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။
သူရဲ့ခံစစ်ကစားဟန်တွေ ဘောလုံးပေးပို့မှုတွေ ဘောလုံးဖြတ်ထုတ်မှုတွေ ရုပ်ပိုင်းဆိုင်ရာ အားကောင်းမှုတွေက ယူနိုက်တက်အတွက် အဆင်ပြေနိုင်တယ်။ ဒါကြောင့် ဘိုင်ယန်ဆီကနေ ကြားဖြတ်လုဖို့ ကြိုးပမ်းသင့်တယ်လို့ ထင်မိပါတယ်။” လို့ ပေါလ်အင့်က တိုက်တွန်းလိုက်ပါတယ်။