နည်းပြသစ်တွေ ရှာကြည့်တော့မှ အကောင်းဆုံး နည်းပြက အသင်းမှာ ရှိတယ် ဆိုတာ သူတို့ သိသွားကြပါပြီ ဆိုတဲ့ တန်ဟက် ပြောစကား

မန်ချက်စတာ ယူနိုက်တက်ဟာ ၂၀၂၃-၂၄ ရာသီအား ၂ ပတ်ကျော်ကြာ အချိန်ယူ စစ်ဆေးဆန်းစစ်မှု ပြုလုပ်ပြီးနောက် အဲရစ်တန်ဟက်အား ဆက်လက် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

နည်းပြ တန်ဟက်ကတော့ သူ အနားယူ အပန်းဖြေနေတဲ့ဆီကို ယူနိုက်တက် တာဝန်ရှိသူတွေ ဘယ်လို ရောက်လာ ပြောဆိုခဲ့ကြောင်းနဲ့ သူက အသင်းအတွက် အကောင်းဆုံးနည်းပြ ဆိုတာ သိသွားကြပါပြီ လို့ ပြောဆိုလိုက်ပါတယ်။

ဒတ်ချ်ရုပ်သံလိုင်း NOS နဲ့ အင်တာဗျူးမှ အဲရစ်တန်ဟက်က “ကျွန်တာ် အိုင်ဘီဇာမှာ အပန်းဖြေနေတုန်း ကလပ်စီမံခန့်ခွဲရေးအဖွဲ့ ပေါက်ချလာတယ်။ သူတို့ဟာ ကျွန်တော့်အခန်းရှေ့သို့ မထင်မှတ်ဘဲ ပေါက်ချလာပြီး သူတို့ ဆက်ပြီး လက်တွဲလိုကြောင်း ပြောကြားလာပါတယ်”လို့ ပြောကြားသွားပါတယ်။

အဲရစ်တန်ဟက်ဟာ အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့ပေမဲ့လည်း ယူနိုက်တက်မှာ ပရီးမီးယားလိဂ်သမိုင်းတွင် အဆိုးရွားဆုံးအဆင့်အဖြစ် အဆင့် ၈ နေရာမှာ ရပ့်တည်ခဲ့ပါတယ်။

ဆက်လက်ပြီး အဲရစ်တန်ဟက်က”မန်ချက်စတာယူနိုက်တက်က သူတို့ဟာ တူချယ်နဲ့ စကားပြောခဲ့ကြောင်း ကျွန်တော့်ကို ပြောပြပါတယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ သူတို့ဟာ အကောင်းဆုံး မန်နေဂျာ က ယူနိုက်တက် ပိုင်ဆိုင်ထားပြီးဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။

Ineos ဟာ အချိန်ယူ စဉ်းစားခဲ့တယ်။ သူတို့က ဘောလုံးလောကမှာကျ အသစ်တွေပါ။ ဒီတော့ အချိန်ယူ ရတာပေါ့။ သူတို့ဘက်က အခြားနည်းပြတွေ အများကြီးနဲ့ ဆွေးနွေးခဲ့တာ လျို့ဝှက်မထားပါဘူး”လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် အဲရစ်တန်ဟက်က တစ်နှစ်သက်တမ်းကျန် သူ့စာချုပ်အား စာချုပ်သက်တမ်းတိုးရေး သဘောတူညီမှု မရသေးကြောင်း အတည်ပြုသွားပါတယ်။

၎င်းက “မန်ချက်စတာယူနိုက်တက်နဲ့ ကျွန်တာ်တို့အကြား စာချုပ်သစ်အတွက် သဘောတူညီမှု မရသေးပါဘူး။ ဒါက အလွယ်တကူ မပြီးပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဆက်ပြီးတော့ ဆွေးနွေးရပါဦးမယ်”လို့ ပြောကြားသွားပါတယ်။