လိုကွန်ဂါကို ထိန်းရတော့မယ့် အာတီတာ၊ လာကာဇက်ကို ချိန်တဲ့ ဘာစီလိုနာနဲ့ ယနေ့ အာဆင်နယ် သတင်းများ
အာဆင်နယ် တိုက်စစ်မှုး လာကာဇက်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ ဘာစီလိုနာနဲ့ မန်စီးတီးတို့လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ လာကာဇက်ရဲ့ စာချုပ်သက်တမ်းဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ်က ၎င်းကို အလွတ်နဲ့ လက်လွှတ်သွားဖွယ် ရှိနေပါတယ်။
အာဆင်နယ် ပရိသတ်တွေကတော့ မန်စီးတီးတိုက်စစ်ကစားသမား စတာလင်ကို ခေါ်ယူပေးစေလိုနေပါတယ်။ မန်စီးတီးနဲ့ အဲဗာတန်ပွဲပြီးနောက် အာဖန်တွေက စတာလင်ကို ခေါ်ယူဖို့ တောင်းဆိုခဲ့ကြပြီး အာတီတာအနေနဲ့ စတာလင်ကို သတိပြုမိစေလိုကြောင်း ပြောဆိုနေကြပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက လီဗာပူးအနေနဲ့ သူတို့အသင်းထက် ပိုကောင်းခဲ့ကြောင်း၊ လီဗာပူးဟာ ၆ နှစ်လောက် စုစုစည်းစည်းရှိလာတဲ့အသင်းဖြစ်ကြောင်း၊ မိမိတို့အသင်းဟာ လူငယ်တွေနဲ့ ဖွဲ့စည်းထားပြီးအချိန်ယူရဦးမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးနဲ့ပွဲက ပုံစံဟာ အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဆုဖလားတွေ အတွက် အတော် အလှမ်း ဝေးနေသေးတယ် ဆိုတာ မြင်တွေ့ခဲ့ရကြောင်း ဂရေမီဆောင်းနက်စ်က သုံးသပ်ခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက သူတို့အနေနဲ့ ဒီရာသီမှာ အဆင့်လေးအတွင်း ဝင်ခွင့်မျှော်မှန်းထားသင့်ကြောင်း၊ တကယ်လို့ ကြီးမားတဲ့ ရည်မှန်းချက်တွေ မရှိဘူးဆိုရင် အာဆင်နယ်မှာ မကစားသင့်ကြောင်း၊ အာဆင်နယ်ရဲ့ ရည်မှန်းချက်က မြင့်မားကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဂျူဗင်တပ်ကွင်းလယ်လူ ရမ်ဆေးအနေနဲ့ ပရီးမီးယားလိဂ်ထံ ပြန်ပြောင်းမယ်ဆိုပါက အာဆင်နယ်ကို ဦးစားပေး စဉ်းစားနိုင်ကြောင်း သိရပါတယ်။ ဂျူဗင်တပ် ကရမ်ဆေးရဲ့လစာကို ပေးချေလိုခြင်းမရှိဘဲ ဇန်နဝါရီမှာပဲ ရောင်းထုတ် လိုနေတာ ဖြစ်ပါတယ်။

အာဆင်နယ် ကွင်းလယ်လူ အယ်လ်နီနီရဲ့ဖခင်ဖြစ်သူက သူ့သား အနေနဲ့ ဒီရာသီကုန်အထိ အာဆင်နယ်မှာ ဆက်ရှိ နေနိုင်ကြောင်း၊ နည်းပြအာတီတာက အယ်လ်နီနီကို ဆက်လက် ထိန်းသိမ်း လိုနေကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
အာဆင်နယ် ကွင်းလယ်လူ လိုကွန်ဂါအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝါကတ် ၄ ကတ် ထိသွားခဲ့ပြီဖြစ်ရာ နောက်တစ်ပွဲ ထိခဲ့ရင် တစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရမှာပါ။ ဒါကြောင့် လိုကွန်ဂါအနေနဲ့ နယူးကာဆယ်နဲ့ပွဲမှာ အဝါကတ်ထိခဲ့ရင် မန်ယူနဲ့ အရေးကြီးပွဲကို လွဲချော်မှာကြောင့် အာတီတာအနေနဲ့ နယူးနဲ့ပွဲမှာလိုကွန်ဂါကို အနားပေးသွားဖွယ်ရှိနေပါတယ်။