တန်ဟက် လာမယ့် ရာသီ မန်ချက်စတာ ယူနိုက်တက်မှာ ဆက်ရှိမယ် ဆိုလို့ ပျော်နေတဲ့ သရဲနီ ကြယ်ပွင့်
ယူနိုက်တက် ကြယ်ပွင့်လေး ကိုဘေး မိန်းနူးဟာ မန်ချက်စတာယူနိုက်တက်က အဲရစ် တန်ဟက်ကို နည်းပြအဖြစ်နဲ့ ဆက်ပြီး ထိန်းသိမ်းခဲ့တဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပါတယ်။
တန်ဟက်ရဲ့ အိုးထရက်ဖို့ဒ်က အခြေအနေဟာ ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုအောက်မှာ ရှိနေခဲ့တာ ဖြစ်ပေမယ့်လည်း မန်ချက်စတာယူနိက်တက်က အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီး အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် နယ်သာလန်သား နည်းပြကို မထုတ်ပယ်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်က စာချုပ်သက်တမ်း ၁ နှစ်ကျန်နေသေးပေမယ့်လည်း သောမတ်စ် တူချယ်နဲ့ ပြောဆိုဆွေးနွေးခဲ့တာဖြစ်ပြီး မိန်းနူးဟာ ပြီးခဲ့တဲ့ရာသီ ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်မှာ အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ အဲရစ် တန်ဟက်ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်တယ်လို့ ပြောဆိုခဲ့ပြီး မန်ချက်စတာယူနိုက်တက်က တန်ဟက်ကို ထိန်းသိမ်းဖို့ ဆုံးဖြတ်ချက်အပေါ် မိန်းနူးက အခုလို ပြောဆိုခဲ့ပါတယ်။
“ တန်ဟက် နဲ့ အသင်းကို တည်ဆောက်ခွင့်ရတာ ပျော်ရွှင်မိပါတယ်။ သူက ဆုဖလား ၂ လုံး ရယူပေးပြီးပါပြီ။ နောက်ထပ် ဆုဖလားတွေ ထပ်ပြီး ရမယ်လို့ မျှော်လင့်ပါတယ်။ ရာသီသစ်ကို ကျွန်တော်တို့ ဘယ်နည်းပြနဲ့ ဆက်သွားရမလဲဆိုတာကို သိရလိုက်တဲ့အတွက် စိတ်အေးသွားရတာ ကောင်းပါတယ်။
ကျွန်တော့်ကို သူ ယုံကြည်မှု အများကြီး ပေးခဲ့ပြီး အသင်းထဲမှာ ကစားခွင့်ပေးဖို့ ယုံကြည်ပေးတဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် သူ့ကို ကျေးဇူးဘယ်လိုတင်ရမလဲတောင် မသိပါဘူး။ ”လို့ ပြောဆိုခဲ့ပါတယ်။