ဆိုးလ်ရှား မရှိတဲ့ မန်ယူကို ရင်ဆိုင်ရမှာအတွက် မှတ်ချက်ပေးသွားတဲ့ ချယ်ဆီးနည်းပြ တူချယ်
ဂျူဗင်တပ်နဲ့ ချန်ပီယံလိဂ် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်က လာမယ့် ပရီးမီးယားလိဂ်ပွဲမှာ ရင်ဆိုင်ရမယ့် ယူနိုက်တက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်လိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ပွဲမှာ ရမှတ် ၄မှတ်သာ စုဆောင်းနိုင်ခဲ့တာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အသင်းကို ရေရှည်ကိုင်တွယ်နိုင်မယ့် ထိပ်တန်း နည်းပြတဦးကို ရှာဖွေနေပါတယ်။
အဆိုပါအခြေအနေအတွက် တူချယ်က ” အဲ့တာကို ထွေထွေထူးထူးတော့ ပြောစရာ မရှိပါဘူး။ အင်္ဂါနေ့ ချန်ပီယံလိဂ်ပွဲ ကစားပြီးရင် မန်ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာပါ။ ယူနိုက်တက် အကြောင်းကို ချန်ပီယံလိဂ်ပွဲ မပြီးခင်ထိ ကျွန်တော်တို့ စဉ်းစားဦးမှာ မဟုတ်ပါဘူး။
ချန်ပီယံလိဂ်ပွဲ အကြောင်းပဲ တွေးနေတာပါ။ တခြားအသင်းရဲ့ နည်းပြ အပြောင်းအလဲကို ကျွန်တော့ မှတ်ချက်ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော့ အလုပ်လည်း မဟုတ်ပါဘူး ” လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နည်းပြ အပြောင်းအလဲ ဖြစ်ခဲ့ပြီး၊ ကလပ် ဂန္တဝင် ဖြစ်တဲ့ ဖရန့် လမ်းပတ် ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် သောမတ်စ် တူချယ်ကို နည်းပြသစ် အဖြစ် အစားထိုး ခန့်အပ်ခဲ့ရာ ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် အပြင် ချန်ပီယံလိဂ် ဖလားကိုပါ ဆွတ်ခူးခဲ့ပါတယ်။
အဲ့တာက လက်ရှိ မန်ယူနိုက်တက် အခြေအနေကို နှိုင်းယှဉ်လို့ ရသလား ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီးလည်း တူချယ်က ” ဒီလို နည်းပြ အပြောင်းအလဲ လုပ်လိုက်လို့ ချန်ပီယံလိဂ် ဖလား ရသွားမယ် ဆိုပြီး ကျွန်တော် မပြောလိုပါဘူး။ ဒါဟာ ကိုယ့်ရဲ့ ကြိုးစား အားထုတ်မှုကို တန်ဖိုး နှိမ့်ချသလို ဖြစ်စေပါတယ်။
ကျွန်တော်ဟာ လောလောဆယ်မှာ အဖြစ်နိုင်ဆုံးနဲ့ အကောင်းဆုံး နေရာကို ရောက်နေပါတယ်။ ဒီမှာ နေရတာ ဒီအသင်းနဲ့ အတူ အလုပ်လုပ်ရတာကို ကျွန်တော် ပျော်ရွှင်ပါတယ်။ ဒါဟာ ပြီးပြည့်စုံမှု ရှိပါတယ်။ ချဲလ်ဆီးနဲ့ ပတ်သက်တဲ့ လူတိုင်းဆီကို ကျွန်တော့ရဲ့ အပျော်တွေ ကူးစက်စေချင်ပါတယ်။
အသင်းတသင်းက နည်းပြ အပြောင်းအလဲ လုပ်လိုက်လို့ ချန်ပီယံလိဂ် ဖလား ရသွားမလား ဆိုတဲ့ အမေးက ကျွန်တော်နဲ့ မသက်ဆိုင်ဘူးလို့ပဲ ပြောပါရစေ။ ဒါဟာ ရှာလို့ မရတဲ့ နေရာမှာ ကိုယ်ရှာချင်တဲ့ ပစ္စည်းကို ရှာတာနဲ့ တူနေပါတယ်။ ခင်ဗျားတို့ဟာ ဒီမေးခွန်း မေးရမယ့်သူ မှားယွင်းနေပါတယ်။
ဒါက ကျွန်တော့ အလုပ် မဟုတ်ပါဘူး ။ မန်ယူနိုက်တက်ဟာ သူတို့ လုပ်ရမယ့် အလုပ်ကို လုပ်နေကြတာ ဖြစ်ပြီး ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့ဖက်က ဘာမှ ပြောစရာ မရှိပါဘူး။ ဒါပါပဲ ” လို့ ပြောကြားခဲ့ပါတယ်။