ယူနိုက်တက် ကွင်းလယ် ကာဆီမီရို ကို အာဆင်နယ် ခေါ်ယူဖို့ ထောက်ပြ တိုက်တွန်းလိုက်သူ

အာတီတာရဲ့ အာဆင်နယ် အသင်း အနေနဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကြယ်ပွင့် ကာဆီမီရို ကို ခေါ်ယူပြီး သောမတ်စ် ပါတေးနေရာမှာ အစားထိုးလိုက်ဖို့ ဂန်းနား အသင်းခေါင်းဆောင်ဟောင်းကြီး ဂီဘာတို ဆေးလ်ဗားက တိုက်တွန်းလိုက်ပါတယ်။

အသက် ၃၂ နှစ် ရှိပြီ ဖြစ်တဲ့ ဘရာဇီး လက်ရွေးစင် ကွင်းလယ် ကာဆီမီရို ဟာ သူ့ရဲ့ အကောင်းဆုံး ကာလကိုတော့ ကျောလွန်လာခဲ့ပြီ ဖြစ်ပြီး ယူနိုက်တက်မှာတောင် ရုန်းကန်လာရတာကြောင့် ဒီနွေမှာ အသင်းပြောင်းဖွယ် ရှိနေပါတယ်။

တဖက်မှာလည်း ပါတေးဟာ အာဆင်နယ်နဲ့ လက်ရှိ စာချုပ်မှာ တစ်နှစ်သာ ကျန်တော့တာ ဖြစ်ပြီး ဒီနွေမှာ အသင်းပြောင်းသွားနိုင်တယ် လို့ သတင်းထွက်ပေါ်နေသူပါ။

ဆေးလ်ဗားကတော့ ပါတေး ထွက်မယ် ဆိုရင် ကာဆီမီရို ကို ခေါ်စေချင်ကြောင်း ဘရာဇီးသားချင်း သဘောကျမှုနဲ့ အတူ တိုက်တွန်းသွားတာပါ။

” ကာဆီမီရို က အာဆင်နယ်မှာ ကောင်းကောင်း အံဝင်မှာပါ။ ဘာဖြစ်လဲ စောင့်ကြည့်ရအောင်လေ။ သောမတ်စ် ပါတေးသာ ထွက်သွားရင် အခြေအနေက စိတ်ဝင်စားစရာပဲ။

ဒီနေရာ လွတ်သွားရင် ကာဆီမီရိုလည်း စိတ်ဝင်စားမှာပဲ။ သူသာ ဆိုရင် အာဆင်နယ် ကွင်းလယ် အတွက် တောင့်တင်း တည်ငြိမ်တဲ့ ကစားသမား ဖြစ်မှာပါ။ ” လို့ ဂီဘာတို ဆေးလ်ဗားက ဆိုခဲ့တာ ဖြစ်ပါတယ်။