ယူနိုက်တက် ပစ်မှတ် ဒီလစ် အတွက် ဘိုင်ယန်မြူးနစ် အနည်းဆုံး သတ်မှတ်၊ အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေး

ဘိုင်ယန်မြူးနစ်အသင်းကတော့ ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက် ကြိုးစားနေတဲ့ သူတို့ရဲ့ နောက်ခံကစားသမား ဒီလစ်ကို အသင်းကနေ ရောင်းချသွားဖို့ ရည်ရွယ်လာခဲ့ပါတယ်။

ဒါပေမယ့် ဈေးချိုချိုနဲ့ လက်လွှတ်မှာ မဟုတ်ဘဲ ဘိုင်ယန်က ဒီလစ်အတွက် ပြောင်းရွှေ့ကြေးအဖြစ် အပိုဆုကြေးတွေ အပါအဝင် အနည်းဆုံး ယူရို သန်း(၅၀) အလိုရှိနေတယ်လို့ သိရပါတယ်။

ဘိုင်ယန်ရဲ့ ဗဟိုခံစစ်နေရာမှာ ဒီလစ် အူပါမယ်ကာနို ကင်မင်ဂျေး ဒိုင်ယာတို့ ရှိနေတဲ့အပြင် ဒီနွေဈေးကွက်မှာပဲ စတုဂတ် ခံစစ်မှူး ဟီရိုကီ အီတိုကိုပါ ထပ်မံ ခေါ်ယူထားခဲ့တာကြောင့် ဒီလစ် အူပါမယ်ကာနိုတို့ရဲ့ အနာဂတ် အခြေအနေတွေက လှုပ်ခတ်လာခဲ့ရပြီး ဒီလစ်ကိုတော့ သေချာပေါက် ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် နယ်သာလန် ခံစစ်ကစားသမား ဒီလစ်ဟာ အေဂျက်စ်အသင်းမှာ တောက်ပခဲ့ရင်း ၂၀၁၈ခုနှစ်မှာ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု Golden Boy ဆုကို ပိုင်ဆိုင်ခဲ့ပြီး ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ခဲ့သလို ၂၀၂၂ခုနှစ်မှာတော့ ဘိုင်ယန်က ဒီလစ်ကို ဂျုဗင်တပ်စ်ကနေ ခေါ်ယူခဲ့ပါတယ်။

အခုတော့ ဒီလစ်က ဘိုင်ယန်ကနေ ပြန်လည် ထွက်ခွာရဖို့ နီးစပ်လာချိန်မှာ သူရဲ့ ဆရာသမားဟောင်း အဲရစ် တန်ဟက် က ဒီလစ်ကို မန်ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်သွားဖို့ ကြိုးပမ်းလာခဲ့ပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဒီလစ်ကိုယ်တိုင်ကပါ တန်ဟက် နဲ့ ပြန်လည် လက်တွဲသွားဖို့ စိတ်အားထက်သန်နေပါတယ်။

ယူနိုက်တက်ကလည်း ဒီနွေမှာ အသင်းရဲ့ ဗဟိုခံစစ်ပိုင်းအတွက် ကစားသမားသစ် (၂)ဦးလောက်အထိ ဖြည့်တင်းဖို့ လိုအပ်နေတာကြောင့် ဘရန့်ဝိတ် ယိုရို ဘရီမာတို့ကို ပစ်မှတ်ထားနေတဲ့အပြင် သူတို့ရဲ့ ပစ်မှတ်ဟောင်း ဒီလစ်ကိုလည်း ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်လို့နေပါတယ်။

ယူနိုက်တက်နဲ့ ဘိုင်ယန်တို့ကြားမှာလည်း ဒီလစ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေလည်း ရှိနေခဲ့ပြီလို့ Sky Sports Germany ကနေ သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

ဒဘိုင်ယန်က ဒီလစ်အတွက် ပြောင်းရွှေ့ကြေးအဖြစ် အပိုဆုကြေးများ အပါအဝင် အနည်းဆုံး ယူရိုသန်း(၅၀)လောက်အထိ အလိုရှိနေတယ်လို့ ဖော်ပြထားခဲ့သလို ဒီလစ်အေးဂျင့်ကလည်း ဒီလစ်အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သဘောတူညီမှု ရရှိနိုင်ဖို့အတွက် ယူနိုက်တက်နဲ့ တိုက်ရိုက် ဆက်သွယ်လျက် ရှိနေတယ်လို့ သိရပါတယ်။