မန်ယူရဲ့ ဒီနွေ ပထမဦးဆုံး ခေါ်ယူမှု၊ ဘရိတ်ဝိတ်ကို ဝင်ခေါ်မယ့် စီးတီး၊ ဒီလစ်၊ ရခါနီး ဇီရစ်ဇီးနဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီနွေ အပြောင်းအရွှေ့မှာ ပထမဆုံး ခေါ်ယူမှုကတော့ ကွင်းလယ် ကစားသမား အမ်မရာဘတ် ဖြစ်ဖွယ် ရှိပါတယ်။

ဇွန် ၃ဝ မှာ အငှား စာချုပ်ကုန်ဆုံးပြီ ဖြစ်တဲ့ ဖီအိုရင်တီးနား ကွင်းလယ် အမ်မရာဘတ်ကို ယူနိုက်တက် က အိမ်ကွင်း ဂျာစီသစ် မိတ်ဆက်ပွဲမှာ ပွဲထုတ်ခဲ့ပြီး ဒါဟာ အမ်မရာဘတ်ကို ဆက်ခေါ်ထားမယ့်အကြောင်း ပြသခဲ့တာလည်း ဖြစ်ဟန် ရှိပါတယ်။

ယူနိုက်တက် ချိတ်ဆက်နေတဲ့ အဲဗာတန် နောက်ခံလူ ဘရိတ်ဝိတ်ကို ခေါ်ယူဖို့ မန်စီးတီး အသင်းကလည်း ဝင်ပါလာခဲ့ပြီ လို့ အင်္ဂလန် သတင်းတွေက ဆိုပါတယ်။ အဲဗာတန်က ၎င်းတို့ ကစားသမား အတွက် ပေါင် သန်း ၈ဝ လောက် အထိ အလိုရှိနေတာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ် ခံစစ်မှူး ဒီလစ်ကို ခေါ်ယူဖို့ ကနဦး စကားပြောမှု စတင်နေပြီး ဘွန်ဒက်လီဂါကလပ်ဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ရလိုနေပါတယ်။

ဘိုလော့ညာ အသင်း ဒါရိုက်တာ ဆာတိုရီ ကတော့ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ၎င်းတို့ တိုက်စစ်မှုး ဇီရစ်ဇီး ဟာ ဒီနွေမှာ အသင်းပြောင်းဖို့ ၉၉% လောက် သေချာနေပြီး ကစားသမား စာချုပ်မှာ စာချုပ် ဖျက်သိမ်းကြေးလည်း ပါဝင်တယ် လို့ ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘိုလော့ညာ တိုက်စစ်မှူး ဇီရစ်ဇီးကို ခေါ်ယူရေး စကားပြောမှု အဆင်ပြေနေကာ ယူရို သန်း ၄ဝ နဲ့ သဘောတူညီမှု ရတော့မယ် သတင်းထွက်ပေါ်နေပါတယ်။