ဒီလစ် ကို မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ခွင့် မပေးဖို့ လက်မှတ်ထိုး တောင်းဆိုနေကြတဲ့ ပရိသတ်များ
များစွာသော ဘိုင်ယန်မြူးနစ်ပရိသတ်တွေဟာ နောက်ခံလူ မားသီးယပ်စ် ဒီလစ် အား မန်ချက်စတာယူနိုက်တက်ထံသို့ ရောင်းချမယ့် ဘိုင်ယန်ရဲ့ အစီအစဉ်အား ဖျက်သိမ်းရန် လက်မှတ်ရေးထိုး တောင်းဆိုနေကြပါတယ်။
အသက် ၂၄ နှစ်ရှိ ဒီလစ်ဟာ ယခုနွေရာသီတွင် ဆရာဟောင်း အဲရစ်တန်ဟက်ရှိရာ ယူနိုက်တက်သို့ ပြောင်းရွှေ့ ကစားရန် စိတ်အားထက်သန်နေသူ ဖြစ်ပါတယ်။

ကစားသမားဘက်ကလည်း ပြောင်းလာဖို့ စိတ်အားထက်သန်နေသလို မန်ချက်စတာ ယူနိုက်တက်ဟာ ဒီလစ်ကို ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူမယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ နယ်သာလန်စတားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းအပြင် အောင်မြင်မှုအပေါ် မူတည်ပြီး နောက်ထပ် ဆုကြေးငွေများလည်း ပေးလာပါမယ်။
တဖက်တွင် ဘိုင်ယန်မြူးနစ်ဟာ လေဗာကူဆင်စတားဂျိုနသန်တာကို ခေါ်ယူထားပါတယ်။ ဒါပေမဲ့လည်း ဒီလစ်ရဲ့ ယူနိုက်တက် အပြောင်းအရွှေ့ကို ဘိုင်ယန်မြူးနစ်ပရိသတ်များက ကန့်ကွက်နေကြပါတယ်။
ဘိုင်ယန်မြူးနစ်ပရိသတ် ၃သောင်း ကျော်တို့ဟာ Change.Org တွင် ဒီလစ်အား ယူနိုက်တက်သို့ မရောင်းချရေး ကန့်ကွက် လက်မှတ်ထိုးမှု ပြုလုပ်လာကြပါတယ်။
ဒီလစ်ဟာ ၂၀၂၂ ခုနှစ်တွင် ဂျူဗင်တပ်မှ ဘိုင်ယန်မြူးနစ်သို့ ပေါင် ၆၈ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဘိုင်ယန်အတွက် ၇၃ ပွဲကစားထားရာမှာ ၅ ဂိုးသွင်းပြီး ၂ ကြိမ် ဖန်တီးထားပါတယ်။