ဆာကာ မန်ယူ ပရိသတ် ဆိုတာ အင်္ဂလန် တစ်သင်းလုံး သိတယ် ဆိုတဲ့ လုခ်ရှော
အင်္ဂလန်အသင်းဖော်တွေဖြစ်တဲ့ မန်ယူ နောက်ခံလူ လုခ်ရှောနဲ့ အာဆင်နယ် တိုက်စစ်သမား ဆာကာတို့နှစ်ယောက်က တွေ့ဆုံမေးမြန်းခန်း အစီအစဉ်မှာ အချင်းချင်း ပြန်ကြပ်ပေးခဲ့ကြပါတယ်။
ဆွစ်ဇာလန်နဲ့ပွဲအပြီးမှာ ဒီအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ဆာကာရဲ့ အနှစ်သက်ဆုံး ဂိုးအကြောင်းကို မေးမြန်းခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ ဆာကာက ယူနိုက်တက်ဘက်ကို သွင်းခဲ့တဲ့ ဂိုးက အကြိုက်ဆုံးလို့ ပြောကြားခဲ့ပါတယ်။ ဆွစ်ဇာလန်နဲ့ ယူရို ကွာတားမှာ သွင်းယူခဲ့တဲ့ ဆာကာရဲ့ သွင်းဂိုးကလည်း ယူနိုက်တက်ဘက်ကို သွင်းယူခဲ့တဲ့ ပုံစံနဲ့ ဆင်တူဖြစ်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ဆာကာက “ကျနော် ယူနိုက်တက်ဘက်ကို သွင်းခဲ့တဲ့ သွင်းဂိုးကို အကြိုက်ဆုံးပါ” လို့ ပြောရင်း လုခ်ရှောကို ရယ်မောပြီး လှည့်ကြည့်ခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ လုခ်ရှောက “ဘာလို့လဲဆိုတော့ ဆာကာက ယူနိုက်တက်ကို အားပေးတာလေ။ အဲ့ဒါကြောင့် အဲ့ဒီဂိုးက ဆာကာအတွက် အကောင်းဆုံးဖြစ်နေတာ” လို့ ပြန်ကြပ်ကာ ပြောကြားခဲ့ပါတယ်။
ဆာကာက “ခင်ဗျား မဟုတ်တာတွေ လျှောက်ပြောနေတာပဲ” လို့ တုံ့ပြန်ချိန်မှာ လုခ်ရှောက “ဆာကာရေ.. ဝန်ခံလိုက်စမ်းပါ။ ငါတို့ အင်္ဂလန်အသင်းက ကြိုက်တဲ့လူကို သွားမေးကြည့်လိုက်” လို့ ပြောခဲ့ပါတယ်။
ဆာကာကတော့ “ဒါဆိုလည်း ဒကလန်ရိုက်စ်ကို မေးလိုက်လေ” ဆိုပြီး ပြောခဲ့ပါတယ်။
အဲ့ဒီအချိန်မှသာ သူတို့နှစ်ယောက်ရဲ့ နောက်ပြောင်မှုက ပြီးဆုံးသွားခဲ့တာပါ။ ဆာကာဟာ ဒီနှစ် ယူရိုမှာ အင်္ဂလန်ရဲ့ အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိနေပြီး လုခ်ရှောကတော့ ဒဏ်ရာပြဿနာတွေကြောင့် ပြီးခဲ့တဲ့ ဆွစ်ဇာလန်နဲ့ ကွာတားဖိုင်နယ်မှသာ လူစားဝင်ကစားသမားအဖြစ် ပထမဆုံး ဝင်ကစားနိုင်ခဲ့ပါတယ်။