တန်ကြေး ထွက်လာတဲ့ ပစ်မှတ်တိုက်စစ်မှုး၊ တက်ကြွနေတဲ့ ဂန်းနားလူငယ်တွေ ထရိန်နင်နဲ့ အာဆင်နယ် သတင်းများ
စီးရီးအေကလပ် နာပိုလီကတော့ အာဆင်နယ်ပစ်မှတ်ထားနေတဲ့ သူတို့ရဲ့ တိုက်စစ်မှူးလိုဇာနိုအတွက် ယူရိုသန်း ၄၀ တောင်းဆိုလိုက်ပါတယ်။ လိုဇာနိုကို ဆီဗီးလ်နဲ့ အက်သလက်တို့ကလည်း ပစ်မှတ်ထား လျက်ရှိနေပြီး အာဆင်နယ်ကလည်း လာမဲ့အပြောင်းအရွှေ့တွေမှာ တိုက်စစ်ပိုင်းကို အဓိက ဖြည့်တင်းသွားမှာပါ။
အာဆင်နယ် တောင်ပံကစားသမား ပီပီကို ဇန်နဝါရီမှာ နယူးကာဆယ်နဲ့ အဲဗာတန်တို့က အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်ကြောင်း ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဝီလန်းက သတိပေးလိုက်ပြီး အာဆင်နယ်အနေနဲ့ ပီပီကို ရောင်းထုတ်ချင်နေမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်စီးတီးနောက်ခံလူဟောင်း မီကာရစ်ချတ်က ရမ်ဒေးလ်အနေနဲ့ အာဆင်နယ်ကိုပြောင်းရွှေ့ခါစက သူ့အနေနဲ့ သံသယ ဝင်ခဲ့ပေမဲ့ လက်ရှိမှာတော့ ရမ်ဒေးလ်ဟာ အာဆင်နယ်ရဲ့ အပတ်တိုင်း အကောင်းဆုံး ကစားသမားဖြစ်နေကြောင်း၊ ရမ်ဒေးလ်ရဲ့ စွမ်းဆောင်ရည်အပေါ် အထင်ကြီးမိကြောင်း ဝန်ခံစကား ဆိုခဲ့ပါတယ်။
မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က သူ့အအနေနဲ့ အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို သွားရောက်ပြီး ယူ-၂၃အသင်းက လူတချို့နဲ့ တွေ့ဆုံခဲ့ကြောင်း၊ သူတို့အနေနဲ့ အသင်းရဲ့လုပ်ငန်းစဉ်တွေအပါ် ယုံကြည်ချက် ပြင်းထန်နေတာ တွေ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ ရိုမေးနီးယားကြယ်ပွင့် Stoicaကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေကြောင်း The Sun က ဖော်ပြထားပါတယ်။ ၁၈ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ လက်ရှိရိုမေးနီးယားလိဂ်မှာ ခြေစွမ်းပြသလျက်ရှိနေပြီး သူ့ရဲ့စာချုပ်က ၁၈ လသာကျန်ရှိတော့တာပါ။
အာဆင်နယ် ကစားသမားဟောင်း ပီရက်စ်က အာဆင်နယ်အနေနဲ့ ဇန်နဝါရီမှာ အင်္ဂလန်နောက်ခံလူတစ်ဦး ခေါ်ယူအားဖြည့်စေချင်ကြောင်း၊ သူတို့အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာတော့ အလွန် ကောင်းမွန်တဲ့ ကစားသမားကောင်းတွေ ရှိကြောင်း၊ ပရီးမီးယားလိဂ်မှာ အင်္ဂလန်ကစားသမားက လိုအပ်မှုရှိကြောင်းတိုက်တွန်းခဲ့ပါတယ်။
လီဗာပူးနဲ့ ရှုံးပွဲဟာ အာဆင်နယ်လူငယ်တွေအတွက် တန်ဖိုးရှိလှတဲ့ သင်ခန်းစာဖြစ်ကြောင်း၊ အာဆင်နယ်လူငယ်တွေဟာ ၁၀ ပွဲဆက် ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး ချီးကျူးစရာကောင်းကြောင်း၊ အာဆင်နယ်အနေနဲ့လီဗာပူးရှုံးပွဲကနေ ပြန်နိုးထနိုင်မှာ ဖြစ်ကြောင်း ဒေးလီးမေးလ် က မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ ချာကာကတော့ သူ့အနေနဲ့ အသင်းဟောင်း မိုချန်ဂလာဘတ်ကို ပြန်လည်ပြောင်းနိုင်ကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။
“ကျွန်တော်ရဲ့ စာချုပ်သက်တမ်းက ၂ နှစ်ခွဲကျန်ပါတယ်။အဲဒါပြီးရင်တော့ ကျွန်တော့်ရဲ့အသက်က ၃၂ နှစ်ရှိမှာပါ။ တကယ်လို့ ဂလာဘတ်ချ် ဒါရိုက်တာက ပြန်ခေါ်ချင်တယ်ဆိုရင် ကျွန်တာ်ကတော့ ပြန်ဖို့အမြဲတမ်း တံခါး ဖွင့်ထားပါတယ်”လို့ ချာကာက ဆိုခဲ့ပါတယ်။