ထရိန်နင် ပြန်ဆင်းနေတဲ့ ဆန်ချို၊ အမ်မရာဘတ်၊ အသင်းရဲ့ DNA ပြန်ယူလာပေးမယ့်သူ၊ တိုဘီ ကော်လ်ယာနဲ့ အီဗန်စ် အပါအဝင် မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်း ဝါရင့်နောက်ခံလူ အီဗန်ကို ၂၀၂၆ အထိ တစ်နှစ် စာချုပ်သက်တမ်းတိုး ခဲ့ကြောင်း အသိပေး ကြေညာသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ထံ တောင်ပံ ကစားသမား ဆန်ချို တစ်ယောက် ထရိန်နင်မှာ ပြန်လည် လာရောက် ပူးပေါင်းနေပေမယ့် ရာသီကြိုပွဲစဉ်တွေမှာ လိုက်ပါလာဖွယ် မရှိကြောင်း သိရပါတယ်။

ဆန်ချို ဟာ မန်ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် နဲ့ တွေ့ဆုံ စကားပြောဆိုခဲ့ပြီးတဲ့ နောက်မှာတော့ အသင်းနဲ့ ပြန်လည် လေ့ကျင့်ခွင့် ရရှိခဲ့တာပါ။ ဆန်ချို ဟာ မနှစ်က သြဂုတ်လ ကတည်းက မန်ယူနိုက်တက် စီနီယာ အသင်းကြီးနဲ့ လေ့ကျင့်ခွင့် မရရှိခဲ့ဘဲ ဇန်နဝါရီမှာ ဒေါ့မွန် အသင်းထံ အငှားပြောင်းရွှေ့ ခဲ့ရသူ ဖြစ်ပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ် ကတော့ အသစ်ခေါ်ယူလိုက်တဲ့ လက်ထောက် နည်းပြ နစ်တယ်ရွိုင်းဟာ အသင်းရဲ့ DNA ကို ပြန်လည် ယူဆောင်ပေးမယ့်လူ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းနောက်ခံလူဟောင်း အီဗရာ ကတော့ မိန်းမနဲ့ ကလေးငယ်၂ ယောက်ကို စောင့်ရှောက်ဖို့ ပျက်ကွက်ခဲ့တဲ့ ဆိုင်းငံ့ထောင်ဒဏ် ၁၂ လ ချမှတ်ခံထားရကြောင်း သိရပါတယ်။

မန်ယူနိုက်တက် အသင်းဟာ အကယ်ဒမီ ကစားသမားလေး တိုဘီ ကော်လ်ယာ ကို စာချုပ်သက်တမ်းတိုး ချုပ်ဆိုခဲ့ပြီး စီနီယာ အသင်းကြီး နည်းပြ အဲရစ် တန်ဟတ် လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဖီအိုရင်တီးနားအသင်းကနေ အငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူထားတဲ့ မော်ရိုကို ကွင်းလယ်ကစားသမား ဆိုဖီယန် အမ်မရာဘတ်ကို အပြီးသတ် ခေါ်ယူမလား ဆိုတာ မန်ချက်စတာ ယူနိုက်တက်က ဒီတစ်ပတ်အတွင်းမှာပဲ ဆုံးဖြတ်ချက် ချမှတ်သွားတော့မယ်လို့ သိရပါတယ်။