ဇီရစ်ဇီး မန်ချက်စတာ ယူနိုက်တက် ရောက်ရောက်ချင်းမှာပဲ ဟွိုင်လန်းနဲ့ အရင် ထိပ်တိုက်တွေ့ရမယ့် ကိစ္စ ရှိနေ

ဒီတလော ရေပန်းစားလာနေတဲ့ အတိုင်း ဘိုလော့ညာ တိုက်စစ်မှုး ဇီရစ်ဇီး ဟာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာတော့မှာ ဖြစ်ပြီး ဒီရက်ပိုင်းမှာ တရားဝင် သတင်းထုတ်ပြန်ကြဖွယ် ရှိပါတယ်။

တိုက်စစ်မှုး ဇီရစ်ဇီး ဟာ ယူနိုက်တက် ရောက်ရောက်ချင်းမှာပဲ လက်ရှိ တိုက်စစ်မှုး ဟွိုင်လန်းနဲ့ ထိပ်တိုက်တွေ့မယ့် တောင်းဆိုမှု တစ်ခု ပြုလုပ်ထားကြောင်း အင်္ဂလန် သတင်းတွေ အဆိုအရတော့ သိရပါတယ်။

အဲဒါ ကတော့ ဇီရစ်ဇီး ဟာ ကျောနံပါတ် ၉ ကို တောင်းဆိုထားတာ ဖြစ်ပါတယ်။ မာရှယ် ထွက်ခွာသွားတာကြောင့် နံပါတ် ၉ ဂျာစီ ဟာ လွတ်သွားပြီ ဖြစ်ပြီး ပိုင်ရှင်သစ် ကို စောင့်မျှော်နေပါတယ်။

ဇီရစ်ဇီးကလည်း တိုက်စစ်မှုးသစ် ဖြစ်တာကြောင့် မာရှယ်ရဲ့ နံပါတ် ၉ ကို ဝတ်ဆင်တာက ယုတ္တိတန်မယ့် ကိစ္စ တစ်ခုပါ။

ဒါပေမယ့် ယူနိုက်တက် တိုက်စစ်မှုး ရာမတ်စ် ဟွိုင်လန်းဟာ ပြီးခဲ့တဲ့နွေက အသင်းကို ရောက်လာစဉ် နံပါတ် ၉ မရတာကြောင့် ကျောနံပါတ် ၁၁ ကို ဝတ်ဆင် ကစားခဲ့ရတာ ဖြစ်ပြီး သူလည်းပဲ နံပါတ် ၉ ကို ဝတ်ဆင်လိုသူ ဖြစ်ပါတယ်။

ဟွိုင်လန်းဟာ ယူနိုက်တက် ကစားသမား ဘဝ အစောပိုင်းမှာ အထနှေးခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ သွင်းဂိုး ၁၆ ဂိုးထိ ရှိခဲ့ပါတယ်။

ဒါကြောင့် ပိုင်ရှင် လွတ်နေတဲ့ နံပါတ် ၉ ဂျာစီကို ရယူရေးအတွက် ယူနိုက်တက် တိုက်စစ်မှုးသစ် ဖြစ်လာမယ့် ဇီရစ်ဇီးနဲ့ ဟွိုင်လန်းတို့ ပြိုင်ဆိုင်ရဖွယ် ရှိနေပါတယ်။