ဒီ ခြေစွမ်းက မန်ယူအသင်းရဲ့ စံနှုန်းအောက် ရောက်နေတယ် ဆိုတဲ့ ရိုဆန်ဘတ် ရှုံးပွဲအပြီး နည်းပြ တန်ဟက် သုံးသပ် ပြောစကား
မန်ချက်စတာ ယူနိုက်တက် ဟာ ရာသီကြိုကာလ ပထမဆုံး ခြေစမ်းပွဲ ပွဲစဉ် အဖြစ် မနေ့ညက ရိုဆန်ဘတ် အသင်းနဲ့ နော်ဝေမှာ ခြေစမ်းပွဲကစားခဲ့ရာ ၁-ဝ နဲ့ အရေးနိမ့်ခဲ့ပါတယ်။
ဒီပွဲမှာ မေဆန်မောင့် ခြေစွမ်းကောင်းခဲ့သလို ယူနိုက်တက် လူငယ် ဂိုးသမားလေး ဗီတက် ကလည်း ဂိုးပေါက် ကာကွယ်မှုကောင်းတွေနဲ့ လက်စွမ်းပြ တောက်ပခဲ့ပါတယ်။ ရိုဆန်ဘတ် အသင်းက အနိုင်ဂိုးကို ပွဲချိန် ၉၃ မိနစ်မှ သွင်းယူသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီမှာ မဟန်ခဲ့တဲ့ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ကတော့ ရုန်းကန်နေရဆဲပါ။ နည်းပြ တန်ဟက်ကတော့ ယူနိုက်တက်ရဲ့ ဒီရှုံးပွဲက စွမ်းဆောင်ရည် အပေါ် ကျေနပ် အားရခြင်း မရှိဘဲ ပွဲ အပြီးမှာ အခုလို ပြောဆိုခဲ့ပါတယ်။
” ပွဲရလဒ်က သာမညပါ ဆိုတာမျိုးက မဟုတ်ပါဘူး။ မန်ချက်စတာ ယူနိုက်တက်မှာ စံ သတ်မှတ်ချက်က နိုင်ဖို့ပဲ.. ကောင်းပြီး ရှုံးသွားဖို့ မဟုတ်ဘူး။ ဒီပွဲမှာ စွမ်းဆောင်ရည်ကလည်း ကျွန်တော်တို့ စံနှုန်းအောက်ကို ရောက်နေတယ်။
ဒါမျိုး ပုံစံက ထိပ်တန်းဘောလုံး အဆင့်မှာ မရှိပါဘူး။ လောလောဆယ် ပွဲနဲ့ ပြန် အသားမကျသေးတာ ဖြစ်နိုင်ပါတယ်။ အခုထက် အများကြီး ပိုမြင့်တဲ့ ကြံ့ခိုင်မှုလယ်ဗယ်မှာ ခါတိုင်း ရှိနေကြပါ။ ဒါပေမယ့် ဘယ်လိုပဲ ပြောပြော ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက် ဖြစ်ပြီး အခုထက် ပိုပြီး ကောင်းကောင်း လုပ်နိုင်သင့်ပါတယ်။ ” လို့ တန်ဟက်က ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက် ကစားသမား တော်တော်များများဟာ ပွဲနဲ့ အသားမကျတဲ့ပုံမျိုး ဖြစ်နေခဲ့ပြီး ဂိုးသမားလေး ဗီတက် ကယ်လို့သာ ဂိုးအများကြီး ပြတ် မသွားခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဇူလိုင် ၂ဝ ရက် (စနေနေ့) မှာ ဒုတိယ ခြေစမ်းပွဲ အဖြစ် ရိမ်းဂျားစ် အသင်းနဲ့ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။